Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ရေကြောင်းကြပ်တည်းမှုကြောင့် ရေယာဉ်အစီး ၅၀ ထက်မနည်း ပိတ်မိနေ
Aung Ko Latt
·
February 22, 2020
စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း ရေကြောင်းကြပ်တည်းမှုဖြစ်ပေါ်နေပြီး ရေယာဉ် အစီး ၅၀ ထက်မနည်း ပိတ်မိနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ချင်းတွင်းမြစ်က အရင်နှစ်ကထက် စောပြီး ရေကြောင်းကြပ်တည်းမှု ဖြစ်ပေါ်နေတာပါ။  ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းကနေ စတင်ကာ ကနီမြို့အထက်ဘက် ၃ မိုင်ဝန်းကျင်အကွာက မဲဒင်ကျေးရွာအနီးမှာ ရေကြောင်းကြပ်တည်းမှု ကြုံတွေ့နေရပြီး ရေယာဉ်အစီးရေ ၅၀ ထက်မနည်း ပိတ်မိနေတာဖြစ်ပါတယ်။  အများစုက မုံရွာကနေ ဆန်တက်လာတဲ့ ကုန်တင်မော်တော်ရေယာဉ်တွေဖြစ်ကာ အဲဒီနေရာကိုတော့ ကနီမြို့နယ် ဒုအုပ်ချုပ်ရေးမှုးနှင့် ကနီမြို့နယ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီ (ရစက) ဥက္ကဌတို့ သွားရောက်ကာ ဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။ "လောလောဆယ်တော့ တစီးချင်း စုန်လာတာတွေလည်း ဒီညနေပိုင်းမှာတော့ ရှိနေပြီ။ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးရယ်၊ ရစက ဥက္ကဋ္ဌ ရယ် သွားပြီးတော့ မုန်စုပ်စက်လှေတစီးနဲ့ သွားပြီးဖြေရှင်းပေးနေတယ်" လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ ရေကြောင်းကြပ်တည်းမှု ဖြစ်ပေါ်နေတဲ့အပေါ်မှာတော့ အထူးတလည် စီမံထားတာ မရှိသေးဘူးလို့ စစ်ကိုင်းတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုညွှန်မှုး ဦးကျော်စိုးက ပြောပါတယ်။ "လူစီးရေယာဉ်တွေက သွားလို့ရတယ်။ ကျောက်မီးသွေးတင်တဲ့ ကုန်တင်တွဲရေယာဉ်တစ်စီးက ပိတ်နေတာပေါ့။ ကျနော်တို့မှာ ရေစူးကန့်သတ်ချက်ရှိတယ်။ ၃ ပေလောက်ပဲ ခွင့်ပြုလို့ရတယ်။ သူတို့က ရေစူးပိုတယ်။ ဝိတ်တင်တာများတယ်။ အခုဖြစ်တဲ့နေရာက ရေကြောင်းကျဉ်းတာ။ ဒါကြောင့် ကျန်တဲ့ရေယာဉ်တွေပါ ပိတ်သလို ဖြစ်နေတာပေါ့။ ရေလမ်းကြောင်းသတ်မှတ်ဖို့ ဘောချရေယာဉ်တစီးတော့ လွှတ်ထားပါတယ်။ သောင်တူးဖို့ အနေအထားထိတော့ မဟုတ်သေးပါဘူး။ ဒီနေရာတွေက နှစ်တိုင်း ကြပ်နေကျတွေပါ။ လောလောဆယ် အထူးစီမံံထားတာတော့ မရှိသေးပါဘူး။” ချင်းတွင်းမြစ်ရေက ပြီးခဲ့တဲ့မိုးမှာ မိုးရွာသွန်းမှု နည်းခဲ့လို့ မြစ်ရေလည်း နည်းခဲ့ပြီး လက်ရှိမှာ ချင်းတွင်းမြစ်ရေက နေ့စဉ် လျော့နည်းကျဆင်းနေကာ မုံရွာမြို့မှာဆို ရေနည်းသတိပေးမှတ်အထက် ၁၆ စင်တီမီတာပဲ ရှိတော့တာပါ။  လာမယ့် နွေရာသီမှာတော့ ရေကြောင်းသွားလာရေးအတွက် အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာနိုင်တာကြောင့် ရေလမ်းကြောင်းကောင်းမွန်ရေး ပိုမိုဆောင်ရွက်ပေးစေချင်တယ်လို့ ရေယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။  ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်အနေနဲ့ ကုန်တင်ရေယာဉ်အသင်း ၁၈ သင်း အစီး ၅၀၀ ကျော်နဲ့ လူစီးသီးသန့်ရေယာဉ်အသင်း ၁၀ သင်း၊ အစီး ၁၀၀ ကျော် ရှိတယ်လို့ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ(ရစက) ရဲ့စာရင်းတွေအရ သိရပါတယ်။  အခုနှစ်အတွင်း ရေမြစ်ဖြိုးဦးစီးဌာနကနေ ချင်းတွင်းမြစ် ရေလမ်းကြောင်းကောင်းမွန်ရေးအပြင် ကမ်းပြိုကမ်းထိန်းလုပ်ငန်းတွေအတွက် ငွေကျပ်သိန်းပေါင်း ၉ ထောင် သုံးစွဲသွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024