အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
DVB
·
February 22, 2020
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅၂/၅ အနီးမှာ ဒီနေ့မနက်အစောပိုင်းက ယာဉ်တစီးတိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဇီးပင်သာအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ဘက်ကို နေဇော် (ကမာရွတ်မြို့နယ်) နေသူ မောင်းနှင်လာတဲ့ Nissan AD Van ယာဉ်ဟာ အခင်းဖြစ်နေရာအရောက်မှာ ရှေ့ဝဲဘက်ဘီးပေါက်ကာ လမ်းလည်ကျွန်းပေါ် ရောက်ရှိ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
"ဖြစ်သွားတဲ့သူတွေက ရန်ကုန်ကပါ။ လာရှိုးဘက်ကနေပြန်လာကြတာ။ ကားကရှေ့ဝဲဘက်ဘီးပေါက်ပြီးမှောက်တာပါ။ အမျိုးသားတဦးသေတယ်၊ နောက်အမျိုးသားနှစ်ဦး ဒဏ်ရာရတယ်။ တောင်ငူဆေးရုံကိုပို့ထားပါတယ်" လို့ ဇီးပင်သာအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ၆ ဦး လိုက်ပါလာတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကျော်မင်းအောင် (၂၇) နှစ် (ပန်းဘဲတန်းမြို့နယ်) နေသူဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားတာပါ။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဇီးပင်သာအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်း နေဇော်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က /၃၃၈/၃၃၇ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကျော်အောင်(ကညွတ်ကွင်း)