ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂,၃၆၀ ဦးနှင့် ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိပြီ

worldometers
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၂၂ ရက်အထိ  ကမ္ဘာတဝှမ်း သေဆုံးသူ ၂,၃၆၀ ဦးနဲ့ ကူးစက်ခံရသူ ၇၇,၈၁၆ ဦးရှိခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။   ကူးစက်ခံရပြီး ပြန်ကောင်းလာသူအရေအတွက်ကလည်း  ၂၀,၉၆၅ ဦး ရှိပါတယ်။ ဒါကြောင့် လက်ရှိ ကူးစက်ခံအရေအတွက် ၅၄,၄၉၁ ဦးရှိပြီး အဲဒီထဲမှာ အခြေအနေ မစိုးရိမ်ရတဲ့  ကူးစက်ခံအရေအတွက်က ၄၂,၉၅၂ ဦး ဖြစ်ပါတယ်။   အခြေအနေ စိုးရိမ်ရတဲ့အရေအတွက်ကတော့ ၁၁,၅၃၉ ဦး ရှိပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဟူဘေးပြည်နယ်မှာ ထပ်မံသေဆုံးသူ ၁၀၉ ဦး ရှိခဲ့ပါတယ်။  တရုတ်နိုင်ငံ ပြင်ပမှာ သေဆုံးသူကတော့ ၁၅ ယောက် အထိ ရှိလာပါပြီ။  အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၃၂ ခုမှာ ဖြစ်ပွားနေပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မယ့် စိုးရိမ်စိတ်တွေ ရှိနေချိန်မှာ အီရတ်နိုင်ငံက အီရန်နဲ့ နယ်စပ်ကို ပိတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်နေပါတယ်။  အီရန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ တွေ့ပြီးနောက် အီရန်နိုင်ငံသားတွေကို   အီရတ်နိုင်ငံထဲ ဝင်ရောက်ခြင်းကနေ တားမြစ်တယ်လို့ အီရတ်နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာခဲ့ပါတယ်။   အီရန်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပီုး သေဆုံးသူ  ၄ ယောက် ရှိသွားပြီလို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up