Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း ဆွေးနွေးပွဲတွင် တပ်ကိုယ်စားလှယ် ၅၀ သာဆွေးနွေးခွင့်ပြု
DVB
·
February 21, 2020
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းအတွက် တပ်မတော်သားကိုယ်စားလှယ် အားလုံးနီးပါးဆွေးနွေးဖို့ အမည်စာရင်းတင်ထားတာကို ပြည်ထောင်စုလွှတ်တော် နာယက ခွင့်ပြုဘဲ  တပ်ကိုယ်စားလှယ် ၅၀ သာ ဆွေးနွေးခွင့်ပြုလိုက်ပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို လာမယ့် ဖေဖေါ်ဝါရီ ၂၅ ရက်မှာ စတင်ဆောင်ရွက်တော့မှာဖြစ်ပါတယ်။  ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ကိုယ်စားလှယ် ၁၄၉ ဦးက ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး အာဏာရပါတီ အန်အယ်လ်ဒီက  ကိုယ်စားလှယ် ၅၀ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၅၀ ဦးနဲ့ အခြား နိုင်ငံရေးပါတီတွေက ၄၉ ဦးစီ ပါဝင်ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်မှုတွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အခု ၁ နှစ်ခန့်အကြာ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့  လွှတ်တော်အတွင်းဆွေးနွေးမှုတွေ စတင်ဆောင်ရွက်တော့မှာပါ။ ကိုယ်စားလှယ်တွေအနေနဲ့  ဖွဲ့စည်းပုံပြင်ဆင်ရေး ပါဝင်ဆွေးနွေးကြရာမှာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဂုဏ်သိက္ခာတွေနဲ့ ကိုက်ညီစွာဆွေးနွေးကြဖို့ကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေ အပါအဝင် ဥပဒေမူကြမ်း ၇ ခုကို လွှတ်တော်ကိုတင်သွင်းထားတာပါ။  ဒီဥပဒေမူကြမ်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) တို့မှာ အကျုံးဝင်တဲ့ ဥပဒေမူကြမ်းတွေအဖြစ် စုစည်းထားပြီး လွှတ်တော်အတွင်း ဆွေးနွေးရာမှာ တပေါင်းတည်း ဆွေးနွေးရမှာလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရာမှာ တိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစံနှုန်း ပြည့်ဝတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဖြစ်လာဖို့ လိုလားတယ်လို့  SNLD ပါတီက ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။ ဖွဲ့စည်းပုံပြင်ရာမှာ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရင် ပြင်နိုင်တဲ့ ပုဒ်မနဲ့ ပြည်သူ့ဆန္ဒခံယူပြီးမှ ပြင်နိုင်တဲ့ ပုဒ်မတွေဆိုပြီး နှစ်မျိုးခွဲဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။  ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လောက် အောင်မြင်မှုရမလဲဆိုတာကတော့   လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းပါဝင်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ဘယ်လောက် ပူးပေါင်း ပါဝင်လာမလဲဆိုတဲ့ အပေါ်မူတည်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ၂ ခု ဆွေးနွေးမှုတွေကို ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်လ ၅ ရက်နေ့ အထိ ဆောင်ရွက်မှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဆွေးနွေးမှုတွေအပေါ် အခြေခံကာ ဥပဒေကြမ်းတွေကို ပြင်ဆင်အတည်ပြုတာတွေ ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024