Home
မြန်မာသတင်း
ချဉ်ပေါင်ဖာလာ တရားဝင်ဈေးကွက်ရရှိရေး အစိုးရကူညီပေးရန် တောင်သူများ တောင်းဆို
DVB
·
February 21, 2020
မြန်မာ့ချဉ်ပေါင်ဖာလာတွေကို တရားမဝင်ဝယ်ယူနေတာတွေကြောင့် ဖာလာစိုက်တောင်သူ တွေ အခက်အခဲဖြစ်နေရပြီး တရားဝင်ဈေးကွက်ရရှိရေးအတွက် အစိုးရအနေနဲ့ ကူညီဖြေရှင်းပေးဖို့ ဖာလာစိုက်တောင်သူတွေက တောင်းဆိုနေကြပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်တဲ့ ချဉ်ပေါင်ဖာလာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဈေးကွက်အလားအလာနှင့်စိန်ခေါ်မှုတွေကို တင်ပြဆွေးနွေးခြင်းနှင့် လမ်းညွှန်မှုခံယူခြင်း အခမ်းအနားမှာ အခုလို တောင်းဆိုလိုက်တာပါ။ သံတောင်ကြီးဒေသထွက် ဖာလာချဉ်ပေါင် ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက အဓိကဝယ်ယူနေပေမယ့် တရားဝင်ဝယ်ယူတာမဟုတ်တဲ့အပြင် ဈေးနှိမ်ဝယ်ယူနေမှုတွေကြောင့် တောင်သူတွေ အခက်အခဲရင်ဆိုင်နေရတာပါ။ မြန်မာ့ချဉ်ပေါင်ဖာလာအသင်း ဉက္ကဋ္ဌ ဦးစောခရစ္စတိုဖက “တရုတ်ပြည်က အဓိက ၉၅ ရာခိုင်နှုန်းသော ဖာလာကိုဝယ်တယ်။ တရားဝင်လမ်းကြောင်းကနေ ဝယ်တာမဟုတ်ဘူး။ အစိုးရက နားလည်မှုစာချွန်နဲ့ပဲဖြစ်ဖြစ် အရောင်းအဝယ်လုပ်ပေးနိုင်တယ်ဆိုရင် ကျနော်တို့တောင်သူတွေ အတွက်လည်း အများကြီး အကျိုးဖြစ်လာမှာပါ” လို့ ပြောပါတယ်။ သံတောင်ကြီး မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က “အစိုးရကတော့ နည်းနည်းကူညီပေးသင့်တယ်။ အခုလောလောဆယ် တင်ပြတာ ပြုတာ မရှိတဲ့အခါကျတော့ အစိုးရဘက်ကလည်း စိုက်ပျိုးရေးဦးစီးမှူးပြောသလို တရားဝင်သီးနှံ မဟုတ်တဲ့အခါကျတော့ အစိုးရဘက်ကတော့ တရားဝင်ဆောင်ရွက်ထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။ တောင်ကြီးမြို့နေ ဖာလာစိုက်တောင်သူ နော်ဂေဂူဖောက "ဒီလိုပဲ စျေးပျက်နေမယ်ဆိုရင် တောင်သူတွေအတွက် အခက်အခဲ​တွေအများကြီး ရှိလာနိုင်တယ်။ ဖာလာအစား ဆနွင်းစိုက်မယ်။ တချို့တောင်သူတွေဆို ဖာလာပင်ခုတ်ပစ်ပြီး တောင်ယာတွေပြန်ပြီးတော့ လုပ်တာတွေရှိတယ်" လို့ ပြောပါတယ်။ အခမ်းအနားကို ချဉ်ပေါင်ဖာလာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ နည်းပညာပိုင်းနဲ့ တည်ငြိမ်တဲ့ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာအစိုးရအနေနဲ့ ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာပါ။ ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှာ ချဉ်ပေါင်ဖာလာစိုက်ပျိုးမြေဧက ၇၅၀၀၀ နဲ့ နှစ်စဉ် ပိဿာချိန် ၂ သန်းဝန်းကျင်ထုတ်လုပ်နေပြီး ၂၀၁၇ ခုနှစ်အထိ ၁ ပိဿာ ၂၀၀၀၀ ကျပ် ဈေးရရှိခဲ့ရာမှ လက်ရှိဈေးကွက်အတွင်း တရုတ်ကုန်သည်တွေရဲ့ ဈေးနှိမ်ဝယ်ယူမှုတွေကြောင့် ၈၀၀၀ ကျပ်သာ ရှိတော့တဲ့အတွက် စိုက်တောင်သူတွေအနေနဲ့ လုပ်အားခနဲ့ဈေးကွက်မမျှတမှု စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024