A d v e r t i s e m e n t With Us

သိမ်းဆည်းခံထားရသည့် လယ်မြေတွင် စိုက်ခွင့်မပေးသဖြင့် လယ်သမားများ အခက်ကြုံ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲက အမှတ် (၃၅၃) အမြောက်တပ်ရင်းက ဒေသခံလယ်သမားတွေထံကနေ သိမ်းဆည်းထားတဲ့ မြေယာတွေကို ဒီနှစ်က စတင်ပြီးတော့ စိုက်ပျိုးခွင့်မပေးတဲ့အတွက် တောင်သူတွေ အခက်ကြုံနေရပါတယ်။ စစ်တပ်က လယ်သမားတွေဆီကနေ ၂၀၀၀ ခုနှစ် ကတည်းက  သိမ်းယူခဲ့တဲ့ ဧက ၃၀၀ နီးပါးရှိတဲ့ လယ်ယာ မြေတွေကို ၂၀၀၄ ခုနှစ်မှာ သီးစားခ တဧကကို ကျပ် ၅ ထောင် ကောက်ခံပြီးတော့ စိုက်ပျိုးခွင့်ပေးခဲ့ပေမယ့် အခုချိန်မှာ စိုက်ပျိုးခွင့် မပြုတော့တဲ့အတွက် ရာနဲ့ချီတဲ့ တောင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ တောင်သူ ကိုနိုင်ဦးက ပြောပါတယ်။ ဒီလယ်ယာမြေဧကတွေမှာ လုပ်ကိုင်ခွင့်မပေးတော့တဲ့အတွက် အခက်အခဲ ဖြစ်ပုံကို အခုလို ပြောပါတယ်။ “အရင်ကတော့ သူတို့တပ်နေရာက ၁၀၆၀ ဧကလောက်ရှိပါတယ်။ အဲကနေ ထပ်ပြီး ကျူးကျော်ပြီးတော့ မြေဧကတွေ ထပ်ယူတယ်။ အရင်တုန်းက အာဏာရှင်စနစ်နဲ့ ဆိုတော့ ကျနော်တို့လည်း ဘယ်ပြောရဲမလဲ။ သူတို့က ကျနော်တို့ကို စိုက်ရင်လည်းစိုက် ဒါပေမယ့် သူတို့ကို အခွန်ပေးပေါ့။ ၁ ဧက ၅ ထောင်၊ ၅ ထောင်နဲ့ နှစ်ပေါင်းများစွာ. ၂၀၀၄ ကနေ ၂၀၁၂ ထိပေါ့။ အခု ၂၀၁၃ကျတော့ ပေးမလုပ်စားတော့ဘူး၊ သူတို့ အပြတ်သိမ်းလိုက်မယ်ပေါ့၊ အဲဒါနဲ့ ကျနော်တို့ တောင်သူတွေက လုပ်စားစရာနေရာမရှိတော့ဘူးလေ။ တောင်ယာမှလုပ်မစားရရင် ဘာမှလုပ်စားစရာ မရှိတော့ဘူးလေ။” ဒီလယ်ယာမြေတွေပေါ်မှာ လယ်သမား ၁၃၀ လောက် မှီခိုလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ လယ်ယာမြေပေါ်မှာ လုပ်ကိုင်ခွင့်မပေးတဲ့အတွက် တောင်သူတွေက သက်ဆိုင်ရာ တပ်ရင်းက တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ တောင်သူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကူအညီနဲ့ သက်ဆိုင်ရာတွေဆီ စာတင်ဖို့ လုပ်ဆောင်ထားပြီး ဆန္ဒထုတ်ဖော်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up