ငပလီကမ်းခြေ ပုလဲကျွန်းအနီးတွင် ဝေလငါး ၁ ကောင် သေဆုံးလျက်တွေ့ရှိ
DVB
·
February 21, 2020
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီကမ်းခြေ ပုလဲကျွန်းအနီးမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဝေလငါးတကောင်သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ငပလီမြို့နေ ဒေသခံတွေက ပြောပါတယ်။
ငပလီမြို့ဒေသခံ ကိုစိုးသိန်းက “အနက်မှာသေပြီးတော့ ပုပ်ပြီးတော့ပေါ်တဲ့အခါမှ ဒီကမ်းကို ရောက်လာတာပါ။ အဲဒီငါးမှာက ပိုက်နဲ့ငြိပြီးပါလာတယ်ဆိုတာကတော့ ပိုက်နဲ့ငြိပြီးသေတာတော့ မဟုတ်ဘူး။ သေပြီးတဲ့အခါမှ မျောလာတဲ့အချိန်မှာ ထိုးထားတဲ့ပိုက်တွေနဲ့ငြိပြီးတော့ ကပ်လာတဲ့ အခါ ဖြုတ်လို့မရတော့လို့ မဖြုတ်ပဲထားလိုက်ရတာပေါ့။ အကောင်ကတော့ လှေလောက်မကဘူး ပေါ့။ သေလို့တွေ့တာကတော့ ၂ ရက် လောက်ရှိပြီ၊ ဒီနေ့မှာလှိုင်းနဲ့ ကမ်းကို ကပ်လာတာ” လို့ ပြောပါတယ်။
သေဆုံးနေတဲ့ဝေလငါးကို ပုလဲကျွန်းအနီး တွေ့ရှိခဲ့တာဖြစ်ပြီး ဘာကြောင့် အခုလို သေဆုံးနေတယ်ဆိုတာကို မသိရသေးဘူးလို့ သံတွဲခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဦးထွန်းသိန်းက ပြောပါတယ်။
“ကျနော်တို့ထင်တာကတော့ သူ့ရဲ့သက်တမ်းကုန်လို့ သော်လည်းကောင်း၊ သဘာဝဘေး တခုခုကြောင့် သော်လည်းကောင်း သေတာဖြစ်နိုင်တာပေါ့၊ အခုကတော့ ဒီသေပြီးတော့ ပုပ်ပွပြီး ကျောက်ကြားမှာ ညပ်နေတယ်။ လောလောဆယ် ဒီအတိုင်းပဲ ထားတာရတာပေါ့၊ ဆွဲထုတ်လို့လည်း မရဘူး။ ကျနော်တို့ကတော့ အပေါ်ရုံးအဆင့်ဆင့်ကို ကြေးနန်းတင်ထားပါတယ်။ အပေါ်ညွှန်ကြားတဲ့အတိုင်း လုပ်သွားပါမယ်” လို့ ပြောပါတယ်။
သေဆုံးဝေလငါးမှာ အရှည် ၄၀ ကျော်၊ လုံးပတ်က ၂၅ ပေလောက်ရှိကာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်း အလယ်သံကျော်ကမ်းခြေမှာ အရှည်ပေ ၃၀ ကျော်ရှိတဲ့ သေဆုံးနေတဲ့ ဝေလငါးတကောင်ကို တွေ့ရှိခဲ့ရပါတယ်။
နောင်နောင်