တရုတ်နိုင်ငံက ပြန်လာသူများ စီးနင်းလာသည့်ဘတ်စ်ကားကို ယူကရိန်းရွာသားများ ခဲဖြင့်ပေါက် 

Reuters
Covid-19 ဗိုင်းရပ်စ်ကူးစက်မှာကို ကြောက်ပြီး တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်က ပြန်ခေါ်လာသူတွေကို  ယူကရိန်းအရှေ့ပိုင်း ရွာသူရွာသားတွေက ခဲတွေ၊မီးကျည်တွေနဲ့ ဝိုင်း ပေါက်တဲ့ ဖြစ်ရပ်တခု ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ခဲ့ပါတယ်။   ပြန်ခေါ်လာသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကား ၆ စီးကို   နိုဗီဆန်းဟယ်ရီ ရွာသား တွေက ခဲတွေနဲ့ ပစ်ပေါက်ရာကနေ ရဲတွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ခဲ့တာပါ။ ပြန်ခေါ်လာသူတွေကို သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြပ် ကြည့်ရှုဖို့ ဆေးရုံကို ခေါ်ဆောင်တဲ့လမ်းမှာ ဆန္ဒပြသူတွေက  ပိတ်ဆို့ ဆန္ဒပြကြတာပါ။   အဲဒီအတွက် လုံခြုံရေးဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့ဝင် ရာချီပြီး စေလွှတ်ခဲ့ရပါတယ်။ ဆန္ဒပြပွဲဟာ ညလုံးပေါက်ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဆန္ဒပြပွဲကြောင့်  ယူကရိန်းသမ္မတ ဇီလန်စကီက “ယူကရိန်းမှာ ဗိုင်းရပ်စ် မပျံ့နှံ့ရေးအတွက် အာဏာပိုင်တွေက အစွမ်းကုန်လုပ်ထားပြီးဖြစ်တယ်၊အန္တရာယ်မရှိဘူး”ဆိုတဲ့ ထုတ်ပြန်ချက်ကို ထုတ်ခဲ့ရပါတယ်။   ဟူဘေးပြည်နယ်က ပြန်ခေါ်လာသူတွေထဲမှာ ယူကရိန်းနိုင်ငံသား ၄၅ ယောက်နဲ့ နိုင်ငံခြားသား ၂၇ ယောက်တို့ပါဝင်ပါတယ်။   ယူကရိန်းနိုင်ငံမှာ အခုထိ Covid- 19 ဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးဘူးလို့ အတည်ပြုထားပါတယ်။  Covid- 19 ဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၂,၂၄၇ ယောက်ရှိပြီး ကူးစက်ခံရသူ ၇၆,၇၃၈ ယောက်က ရှိပါတယ်။  Diamond Princess အပျော်စီးသင်္ဘောပေါ်က ခရီးသည် နှစ်ယောက်အပါအဝင် တရုတ်နိုင်ငံပြင်ပမှာ  သေဆုံးသူ ၁၁ ယောက် ရှိသွားပါပြီ။ တောင်ကိုရီးယားမှာ နောက်ထပ် ကူးစက်ခံရသူ ၅၂ ယောက် ရှိလာပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၅၆ ယောက်အထိ တဟုန်ထိုး မြင့်တက်လာပါတယ်။  ကူးစက်ခံရသူ အများစုဟာ နိုင်ငံရဲ့ စတုတ္တမြောက် လူဦးရေအများဆုံး ဒယ်ဂူမြို့က ဖြစ်ပြိး  ဗိုင်းရပ်စ် မပျံ့နှံ့ရေးအတွက် အထူးအစီအမံတွေ လုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကတိပြုခဲ့ပါတယ်။   Covid- 19 ဗိုင်းရပ်စ် ကူးစက်မှုကနေ ပြန်ကောင်းလာသူဟာလည်း ကမ္ဘာတဝန်း  ၁၈, ၅၆၁ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up