Homeမြန်မာသတင်း
မောင်နုရွာနှင့် ချွတ်ပြင်ရွာဖြစ်စဉ်တို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် တပ်မတော်က စစ်ဆေးမည်
မောင်နုရွာနှင့် ချွတ်ပြင်ရွာဖြစ်စဉ်တို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် တပ်မတော်က စစ်ဆေးမည်
DVB
·
February 21, 2020
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)ရဲ့ အစီရင်ခံစာပါ မောင်နုရွာနဲ့ ချွတ်ပြင်ရွာ ဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)နဲ့ စစ်ဆေးဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တပ်မတော်အနေနဲ့ အစီရင်ခံစာပါ ကျန်ဖြစ်စဉ်တွေထဲက မောင်နုရွာနဲ့ ချွတ်ပြင်ရွာဖြစ်စဉ် တို့ကို လေ့လာသုံးသပ် စိစစ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ ယင်းဖြစ်စဉ်တွေအပေါ် စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ငန်းစဉ်တွေအတိုင်း စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ခြင်းကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစီရင်ခံစာပါ ဖြစ်စဉ်တွေထဲက အင်းဒင်ကျေးရွာဖြစ်စဉ်ကို အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ဂူတာပြင်ရွာဖြစ်စဉ်ကိုတော့ အရေးယူဆောင်ရွက်ဆဲဖြစ်ပြီး ဂူတာပြင်ရွာဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်တရားရုံး(Court-Martial) စစ်ဆေးဆောင်ရွက်မှု အခြေအနေကို မကြာခင် သတင်းထုတ်ပြန် ပေးသွားမယ်လို့လည်းဆိုပါတယ်။
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry –ICOE) ရဲ့အပြီး သတ်အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက် နေ့က ထုတ်ပြန်ပြီး သမ္မတထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အစီရင်ခံစာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ အရပ်သားတွေကို သတ်ဖြတ်ခြင်း၊ လုယက်မှုကျူးလွန်ခြင်း၊ နေရပ်စွန့်ခွာသွားသူ တွေရဲ့ နေအိမ်တွေကို ဖျက်ဆီးခြင်းစတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတို့မှာ အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း ကော်မရှင်က စုံစမ်းတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဥပဒေချုပ်ရုံးအနေနဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေကို ရာထူးအဆင့်ဆင့်အလိုက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို တာဝန်ခံမှုရှိလာစေရေး အမြန်လုပ်ဆောင်ဖို့ လိုတယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) က အကြံပြုထားပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနဲ့ အဖွဲ့ဝင်တွေအဖြစ် ဂျပန်သံအမတ်ကြီးဟောင်း ကင်ဇိုအိုရှီးမား၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ဖွဲ့စည်းခဲ့တာပါ။