A d v e r t i s e m e n t With Us

ကော့သောင်းတွင် မိန်းကလေးငယ်တဦး ဓာတ်လိုက်သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဓာတ်အားပေးစက်ရုံအနီး ဖြတ်သွားတဲ့ သားအဖ ၂ ဦး  ဓာတ်လိုက်ခံရပြီး အသက် ၉ နှစ်ရွယ် သမီးဖြစ်သူ သေဆုံးခဲ့ပါတယ်။ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာနေထိုင်တဲ့ ဦးဝင်းစိန်နဲ့ သမီးဖြစ်သူ မလှိုင်သက်ထွေးတို့ဟာ  ဒီကနေ့ မနက် ၇ နာရီလောက်က  နံနက်ခင်းလမ်းလျှောက်ရင်း  ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတခုရဲ့  ဓာတ်တိုင်မှာ ဓာတ်လိုက်ခံခဲ့ရတာပါ။ ဖခင်ဖြစ်သူက အရင်ဓာတ်လိုက်ခံခဲ့ရပြီး သမီးဖြစ်သူကို လှမ်းဆွဲရာမှ သမီးပါ ဓာတ်လိုက် ခံရပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။ ဦးဝင်းစိန်ကိုတော့ ကော့သောင်းပြည်သူ့ဆေးရုံ အရေးပေါ်ဌာနမှာ တင်ထားတယ်လို့ မိန်းကလေးရဲ့ နာရေးကိစ္စ လိုက်ကူပေးနေတဲ့ ကော့သောင်း ဒီမိုကရက်တစ်ပါတီ ပြန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ပြောပါတယ်။ “၃ မိုင်ဆိုတာ တောင်ကုန်းကိုဖြတ်သွားတဲ့လမ်းခွဲဖြစ်တော့ ဓာတ်ကြိုးတွေက ၃ မိုင်ရဲ့ ကျောက်တောင်ပေါ်က တောင်စွန်းတွေကို ထိမိနေပါလိမ့်မယ်။ ထိနေတော့ အောက်က ကျောက်ဆောင်ဆိုတော့ အောက်ကလမ်းလျှောက်သူကို ဓာတ်လိုက်တာ။ အဖေကို အရင်ဓာတ်လိုက်တာ၊ သမီးကိုသွားဆွဲတယ်။ သမီးကဓာတ်လိုက်တော့ အဖေက ပြန်မဆွဲရဲတော့ဘူး။” အဲဒီဓာတ်တိုင်ကို သန်းဖြိုးသူ သတ္တုတူးဖော်ရေးနဲ့ ဓာတ်အားပေးစက်ရုံက ရွှေပြည်သာ နဲ့ အေးရိပ်ငြိမ် ရပ်ကွက် ၂ ခုကြားမှာ စိုက်ထူတားတာဖြစ်ပြီး စက်ရုံတာဝန်ရှိသူတွေက မီးလောင်ပျက်စီးသွားတဲ့ ဓာတ်တိုင်နေရာမှာ အသစ်တတိုင် ချက်ချင်း ပြန်စိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူနဲ့ ထိခိုက်သေဆုံးသူတွေအတွက်တော့ ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးမလဲဆိုတာ မသိရသေးဘူးလို့ ဦးဇော်ဌေးအောင်က ပြောပါတယ်။ သတ္တုလုပ်ငန်းနဲ့ ဓာတ်အားပေးလုပ်ငန်းကနေ သဘာဝပတ်ဝန်းကျင်ထိခိုက်မှာ၊ အနီးအနားရှိပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် လူနေရပ်ကွက်အနီး ဆောက်လုပ်ထားတဲ့ အဲဒီစက်ရုံကို ဒေသခံနဲ့ လူမှုအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဆန္ဒပြကန့်ကွက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ အမှားပြင်ဆင်ချက် - အထက်ဖော်ပြပါသတင်း ပထမဆုံးအပိုဒ်တွင် “ဓာတ်အားပေးစက်ရုံအနီး” ဟု မှားယွင်းဖော်ပြမိသဖြင့် “ဓာတ်အားပေးစက်ရုံနဲ့ ၃ မိုင်အကွာ” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

A d v e r t i s e m e n t With Us

More News
Up