Home
မြန်မာသတင်း
ဝန်ကြီးလိုက်ပါလာသည့် စစ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ဟု အေအေ ပြော၊ အရပ်ဘက်ဝန်ထမ်းများ စစ်ဘက်ဆိုင်ရာယာဉ်များအသုံးမပြုရန် သတိပေး 
ဝဏ္ဏခွာညို
·
February 21, 2020
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ကို စက်သေနတ်တွေနဲ့ပတ်ခတ်ခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့  ရက္ခိုင့်တပ်တော် (အေအေ) က ဒီဗွီဘီကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ စစ်တွေကနေ ဘူးသီးတောင်ရှိ စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာတဲ့သူတွေကို ကူညီပေးဖို့ တပ်မတော် ရဟတ်ယာဉ်နဲ့ သွားရာကနေ ဘူးသီးတောင် ညောင်ချောင်းကျေးရွာအနားမှာ ပျံသန်းနေတဲ့အချိန် အေအေက စက်သေနတ်တွေ မြေပြင်က ပစ်ခဲ့တာဖြစ်ပါတယ်။ အေအေ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက “ကျနော်တို့တပ်ဖွဲ့ဝင်တွေက နေ့စဉ်နဲ့အမျှ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခံနေရတယ်။ မြန်မာစစ်တပ်ရဲ့ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခံနေရတာတွေရှိတယ်။ အဲ့ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တွေ ကျနော်တို့ တပ်ဖွဲ့တွေအပေါ်က ဖြတ်ပျံလို့ရှိရင်တော့ ဒါကကျနော်တို့ပစ်ခတ်တာပေါ့။ ဘာကြောင့်လဲဆိုလို့ရှိရင် ကိုယ့်ကိုလာပြီးတော့ နေ့တိုင်းတိုက်ခိုက်နေတဲ့ ရဟတ်ယာဉ်ပဲ။ ကျနော်တို့ဘက်ကလည်း စစ်ရဲ့သဘောသဘာဝအရ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်ဆိုလို့ရှိရင်တော့ ပစ်မှာပဲ” လို့ ပြောပါတယ်။ ဒါ့အပြင် အရပ်ဘက်ဝန်ထမ်းတွေ၊ အန်ဂျီအိုဝန်ထမ်းတွေအနေနဲ့ တိုက်ပွဲဒေသမှာ ခရီးသွား လာရင်   မြန်မာတပ်မတော်ရဲ့ စစ်ရေယာဉ်တွေ၊ စစ်ရဟတ်ယာဉ်တွေ၊ စစ်ကား စတဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေနဲ့ လုံးဝစီးနင်းလိုက်ပါတာမလုပ်ဖို့ ရက္ခိုင့်တပ်တော်က သတိပေးထုတ်ပြန်ထားပါတယ်။  အလားတူ အရပ်သားပြည်သူတွေအနေနဲ့လည်း ခရီးသွားရင် တပ်မတော် တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အရပ်ဘက်သုံး ခရီးသည်တင် ကားတွေနဲ့ ရေယာဉ်တွေမှာ လမ်းကြုံစီး လိုက်ပါ စီးနင်းတာ မလုပ်ကြဖို့လည်း သတိပေးလိုက်ပါတယ်။  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ရခိုင်ပြည်နယ် အတွင်း စစ်မြေပြင်နေရာတွေမှာ လိုအပ်ရင် ရဟတ်ယာဉ်တွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ ရဟတ်ယာဉ်ပေါ် လိုက်ပါလာတာကို သိရှိတာမျိုးမရှိတဲ့အကြောင်းနဲ့ တပ်မတော် စစ်ရဟတ်ယာဉ်  အေအေအဖွဲ့ရဲ့အပေါ်က ပျံသန်းလာရင်တော့ ပစ်ခတ်ရမှာဖြစ်တယ်လို့ ခိုင်သုခကပြောဆိုပါတယ်။ “မီဒီယာတွေမှာပြောနေကြသလို ဒေါက်တာဝင်းမြတ်အေးတို့ ဝန်ကြီးချုပ်ဦးညီပုတို့ကို အေအေပစ်တယ်ဆိုတဲ့ ဥစ္စာမျိုးပြောနေတာပေါ့နော်။ ဒါပေမယ့်သိထားဖို့က ကျနော်တို့ပစ်တာက သူတို့ခရီးသွားတာ၊ ရဟတ်ယာဉ်ပေါ်ပါလာတာကို သိတာမဟုတ်ဘူး။ ကျနော်တို့သိတာက မြန်မာစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်။ ကျနော်တို့ဆီကိုလာလို့ ကျနော်တို့ရဲ့အပေါ်က နေဖြတ်ပျံလို့ပစ်တာ။” ဒီလိုစက်သေနတ်တွေနဲ့ ပတ်ခတ်မှုတွေကြောင့် ပြည်ထောင်စုဝန်ကြီးအပါအဝင် လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ တပ်မတော် စစ်ရဟတ်ယာဉ်ကတော့ ကျည်နှစ်ချက်ထိမှန်ခဲ့ပြီး ဘူးသီးတောင်ဗျူးဟာကုန်မှာ ပြန်လည်ပြုပြင်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ရာရှိတဦးကပြော ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024