Homeမြန်မာသတင်း
ဝူဟန်ရှိ မြန်မာကျောင်းသားများအား သွားရောက်ခေါ်ယူခဲ့သည့် လေယာဉ်အမှုထမ်းများကို ဂုဏ်ပြု
ဝူဟန်ရှိ မြန်မာကျောင်းသားများအား သွားရောက်ခေါ်ယူခဲ့သည့် လေယာဉ်အမှုထမ်းများကို ဂုဏ်ပြု
နေဖြိုးဝင်း
·
February 21, 2020
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်ယူနေတဲ့ မြန်မာကျောင်းသားတွေကို သွားရောက်ခေါ်ယူခဲ့တဲ့ Myanmar National Airline က လေယာဉ်မှူးကြီးနဲ့ လေယာဉ်အဖွဲ့ သားတွေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်လိုက်ပါတယ်။
အခုလိုသွားရောက်ခေါ်ယူဖို့အတွက် စေတနာ့ဝန်ထမ်းတွေကို ရွေးချယ်တာမှာ ကိုယ့်ဆန္ဒအရ လိုက်ပါဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုလို ဂုဏ်ပြုခံရမယ်လို့ မျှော်လင့်မထားခဲ့ဘူးလို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားမှာ လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံက ပြောပါတယ်။
“ဒီလိုမျိုးဂုဏ်ပြုလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ မျှော်လည်း မမျှော်မှန်းထားခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ လုပ်ဆောင်ချက်ကလေးတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြုပေးတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင် ဝမ်းသာမိပါတယ် ” လို့ ပြောပါတယ်။
အခုလို နိုင်ငံတည်ဆောက်နေတဲ့အချိန်၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာ ဒီလို ကိုယ်ကျိုးစွန့်တဲ့ လူငယ်တွေ၊ စွန့်လွှတ်ရဲတဲ့ လူငယ်တွေ၊ အနစ်နာခံတဲ့လူငယ်တွေ အများကြီး လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က မြန်မာကျောင်းသား ၅၉ ဦးကို ဖေဖော်ဝါရီ ၂ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်နဲ့ ဝူဟန် လေဆိပ်ကနေ မန္တလေးတံတားဦးလေဆိပ်ကို ပြန်လည်ခေါ်ယူ ခဲ့တာဖြစ်ပါတယ်။
ဝူဟန်မြို့ကနေ ပြန်လာတဲ့ မြန်မာကျောင်းသားတွေ၊ သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို သီတင်း နှစ်ပတ်ကြာ စောင့်ကြည့်ခဲ့ပြီး ကျန်းမာရေးကောင်းမွန်လို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဆေးရုံတွေကနေ ပြန်ဆင်းခွင့် ပြုခဲ့ပါတယ်။