တပ်တွင်းမဲရုံများ မထားရှိရေး ပြည်သူ့လွှတ်တော်အတည်ပြု

၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ မထားရှိရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်ချက်တွေနဲ့ ပြည်သူ့လွှတ်တော်က ထောက်ခံမဲ အများစုနဲ့ ဒီကနေ့  အတည်ပြုလိုက်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်သူနဲ့ အမျိုးသား လွှတ်တော်တွေရဲ့ ရွေးကောက်ပွဲနည်းဥပဒေတွေကို ပဉ္စမအကြိမ်မြောက် ပြင်ဆင်တဲ့ နည်းဥပဒေတွေကို ဖေဖေါ်ဝါရီ ၂၀ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူခဲ့တာပါ။  ဒီလို ဆွေးနွေးအတည်ပြုရာမှာ ရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ တပ်တွင်း မဲရုံတွေပယ်ဖျက်ရေးကိစ္စပါဝင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကတော့ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်တာလို့  ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း က ပြောပါတယ်။ တပ်တွင်းမဲရုံတွေ ပယ်ဖျက်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တွေက နယ်မြေဒေသအလိုက် တပ်မဲရုံတွေ အပြင်ထုတ်မထုတ်ကို သက်ဆိုင်ရာတပ်ရင်းမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြန်လည်ပြင်ဆင်ခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ကိုယ်စားလှယ်တွေက သဘောမတူခဲ့ပါဘူး။  ဒါ့ကြောင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ဥပဒေကြမ်းကော်မတီက အနိုင်ရခဲ့ပြီး တပ်မဲရုံတွေ မထားရှိတော့ဖို့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက် တာဖြစ်ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ ပြောခွင့်ရသူ  ဗိုလ်မှူးချုပ်မောင်မောင်ကတော့ တပ်မဲရုံတွေဟာ လွတ်လပ်ပွင့်လင်းစွာဆောင်ရွက်နေတဲ့အတွက် အပြင်ထုတ် မထုတ်ဟာ ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုကြီးစွာရှိမှာမဟုတ်ဘူးလို့ လွှတ်တော်အစည်းအဝေးအပြီးမှာ ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ်အပြင်ရောက်နေတဲ့သူတွေရဲ့ မဲပေးခွင့်ကို လည်း ရက်ပေါင်း ၁၈၀ အစား ရက်ပေါင်း ၉၀ နဲ့ အစားထိုး ပြင်ဆင်ဖို့ အတည်ပြုလိုက်ပါတယ်။  ဖြိုးသက်ပိုင်မြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up