Homeမြန်မာသတင်း
အတိုင်းအတာကျော်လွန်သည့် ဝေဖန်မှုများကို ဥပဒေက ခွင့်လွှတ်မည်မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော
အတိုင်းအတာကျော်လွန်သည့် ဝေဖန်မှုများကို ဥပဒေက ခွင့်လွှတ်မည်မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 20, 2020
အတိုင်းအတာကျော်လွန်တဲ့ ဝေဖန်မှုတွေကို ကော်မရှင်က သည်းခံနိုင်ပေမယ့် ဥပဒေကတော့ သည်းခံမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
“ဘယ်ပါတီ ဘယ်လို ဝေဖန်ဝေဖန် ခေါင်းထဲမှာထည့်မနေဘူး။ အစွဲအလမ်း ကင်းကင်းထား တယ်။ အားလုံးအတူတူပဲ ဘာပြောပြော အတိုင်းတစ်ခုတော့ရှိတာပေါ့။ ကျနော်တို့ ခွင့်လွှတ်နိုင်ပေမယ့် ဥပဒေက ခွင့်မလွတ်နိုင်တာ ရှိတယ်နော်။ ကျနော်တို့က ဘာမှ ကိစ္စမရှိဘူး”လို့ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပပြုလုပ်တဲ့ နှစ်ပတ် တစ်ကြိမ် သတင်းမီဒီယာတွေနဲ့ ကော်မရှင်က တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ ဦးမြင့်နိုင်က ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ စံ (၅)ချက်ချမှတ်ဆောင်ရွက်နေပေမယ့် အဲ့ဒီအပေါ်ကိုတော့ ဝေဖန်မှုတွေအမျိုးမျိုးရှိနေပြီး ဝေဖန်မှု ၁၅ ခုလောက်ကိုတော့ သတိပေးထားတာရှိတယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲပေးခွင့်ရှိသူ ဦးရေ ၃၇ သန်းလောက်ရှိပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့် မဲဆန္ဒရှင်ဦးရေဟာဆိုရင် ၄ သန်းကျော်လောက်ရှိ လာတယ်လို့လည်း သိရပါတယ်။