အင်းလေးကန် သယံဇာတ ရေရှည်တည်တံ့ရေး တောင်ကြီးမြို့တွင်ဆွေးနွေး
DVB
·
February 20, 2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြု့နယ် အင်းလေးကန်အတွင်း သယံဇာတရေရှည်တည်တံ့ဖို့ စီမံအုပ်ချုပ်နိုင်ရေး စွမ်းရည်မြှင့်တင်ခြင်းစီမံကိန်းရဲ့ အသိပညာဗဟုသုတ နှီးနှောဖလှယ်တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲကို တောင်ကြီးမြို့ ရွိုင်ရယ်တောင်ကြီးမှာ ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆောင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ပံ့ပိုးမှုနဲ့ ၂၀၁၈ ခုနှစ်ကစပြီး ၅ နှစ်စီမံကိန်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အင်းလေးကန် သယံဇာတ ရေရှည်တည်တံ့ခြင်းကို ဘက်စုံထောင်စုံကနေ လုပ်ဆောင်သွားမယ်လို့ နေပြည်တော် သစ်တောဦးစီးဌာန ရေဝေရေလဲ အုပ်ချုပ်ရေးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးမြင့်ဦးက ပြောပါတယ်။
စီမံကိန်းမှာ သစ်တောတွေ ရေရှည်စီမံအုပ်ချုပ်ဖို့၊ ရေမြေထိန်းသိန်းရေးလုပ်ငန်း၊ သယံဇာတ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဇီဝမျိုးကွဲစောက်ရှောက်တဲ့ စင်တာတွေထူထောင်ဖို့ ရည်ရွယ်ပြီး JICA ပံ့ပိုးမှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။
အင်းလေးကန်ဟာ လက်ရှိ လူနေမှုထူထပ်လာတာ၊ သစ်တောပြုန်းတီးလာတာ၊ ရေခြံ စိုက်ပျိုးမှု များလာတာတို့ကြောင့် ရေတွေမသန့်ရှင်းတော့ဘဲ တိမ်ကောမှုတွေလည်း ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
JICA ပံ့ပိုးမှုနဲ့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေ၊ အခြားဆက်စပ်ဌာနဝန်ထမ်းတွေကို သင်တန်းပေးပြီး ပြုလုပ်သွားမှာရှိသလို အခြားခေတ်မီစက်ကိရိယာတွေနဲ့ လုပ်ငန်း အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
အင်းလေးကန်ဟာ မြန်မာနိုင်ငံမှာ အဓိက ဖြန့်ဖြူးနေတဲ့ လောပိတရေအားလျှပ်စစ်အတွက် အဓိကကျတဲ့ ရေဝေရေလဲတခုလည်း ဖြစ်ပါတယ်။
အင်းလေးကန်ရေရှည်တည်တံ့ဖို့အတွက် အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် စတုတ္ထနေ့ ပုံမှန်အစည်းအဝေးမှာ ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
သတင်း - ခွန်ရာဇာ