လီဗာပူးအသင်း၏ ချိတ်ဆက်ခံရမှုအပေါ် ဂုဏ်ယူကြောင်း တိုင်မိုဝါနာပြော

761
လီဗာပူးအသင်းရဲ့ ချိတ်ဆက်တာခံရလို့ ဂုဏ်ယူတယ်လို့ လိုက်ပဇစ်အသင်းရဲ့ ခြေစွမ်းပြတိုက်စစ်မှူး တိုင်မိုဝါနာက ပြောပါတယ်။
စပါးအသင်းဘက်ကို ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာ အနိုင်ဂိုးသွင်းယူပြီးနောက် ပြောကြားလိုက်တာပါ။
အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျာမန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲကစားပြီး ၂၆ ဂိုးသွင်းယူထားသလို ၁၀ ကြိမ်ထိ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်လို့ ဥရောပထိပ်သီး အသင်းတော်တော်များများက ချိတ်ဆက်နေကြပါတယ်။
တိုင်မိုဝါနာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရာသီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားခဲ့ပေမယ့် လီဗာပူးကတော့ အခုရာသီမှ အမှန်တကယ်ချိတ်ဆက်လာတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ရက်ဘူးလ်အသင်းရဲ့ မိတ်ဘက်အသင်းတွေကနေ ကစားသမား အတော်များများ ဝယ်ယူခဲ့ဖူးလို့ တိုင်မိုဝါနာအနေနဲ့ လာမယ့်ကာလအတွင်း မာဆေးလ်ဆိုဒ် အသင်းထံရောက်ရှိဖို့ နီးစပ်နေပါတယ်။