Home
မြန်မာသတင်း
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လက်တွဲကြိုးပမ်းရန် သမ္မတ တိုက်တွန်း 
DVB
·
February 20, 2020
ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲကြိုးပမ်းဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ပေးပို့တဲ့  သဝဏ်လွှာမှာ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်တာပါ။  ပြည်ထောင်စုသားအားလုံး နှစ်ရှည်လများ လိုလားတောင့်နေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာမှာ အခက်အခဲစိန်ခေါ်မှုတွေ ကြုံနေရပေမယ့် နိုင်ငံတော်အစိုးရနဲ့အတူ ချင်းတိုင်းရင်းသားတွေ အပါအဝင် ပြည်ထောင်စုဖွားတို င်းရင်းသားအားလုံးရဲ့  စုစည်းညီညွတ်မှု အင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတက ပြောပါတယ်။ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုး တိုးတက်မှုပိုင်း နှောင့်နှေးခဲ့ရတာကို များစွာစိတ်မကောင်းဖြစ်ရ ကြောင်း၊ ချင်းပြည်နယ်မှာ လမ်းအသစ် ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်လုပ်ငန်းတွေ ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ချင်းတိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်ကဏ္ဍမှာ တိုးတက်မှုရရှိအောင် ဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။ အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေး ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ချင်းတိုင်းရင်းသားတွေ ထဲထဲဝင်ဝင် ပါဝင်အကောင်အထည်ဖော် နေတဲ့ အတွက်လည်း ဝမ်းသာစွာ အသိအမှတ်ပြုတယ်လို့ လည်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။ မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈  ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ဆုံးဖြတ်ခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကို ကချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ် နှစ်စဉ် ကျင်းပတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024