တီမိုဝါနာ အပြောင်းအရွှေ့အတွက် လီဗာပူးအသင်းကို သတိပေး 

Reuters
တိုက်စစ်မှူး တီမိုဝါနာကို ရောင်းချသွားမယ့် သတင်းတွေကို မငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဂျာမနီလက်ရွေးစင်အတွက် ဘယ်အသင်းကမှ မကမ်းလှမ်းသေးကြောင်း လိုက်ပစ်ဇ်အသင်းရဲ့ စီအီးအို အိုလီဗာမန့်ဇ်လက်က ပြောပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ဝါနာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး အသင်းဟာ ဝါနာရဲ့ ပေါင်သန်း ၆၀ တန် စာချုပ်ဖျက်သိမ်းခွင့် ကုန်ဆုံးမယ့် ဧပြီလမတိုင်ခင် ကမ်းလှမ်းသွားမယ်လို့ ခန့်မှန်းနေပါတယ်။ အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ ဝါနာဟာ ဒီရာသီမှာ လိုက်ပစ်ဇ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး မန့်ဇ်လက်က လီဗာပူးဟာ ဒီကစားသမားကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။  “လူတိုင်းက ဒီသတင်းကိုပဲ ထပ်ကာထပ်ကာ ပြောတာကို ကြားနေရပါတယ်။ တစုံတယောက်က ဒီသတင်းကို ဖန်တီးခဲ့ပြီးတော့ အားလုံးက ဒီအတိုင်း လိုက်ပြီး ကူးချကြပါတယ်။ ဝါနာဟာ လိုက်ပစ်ဇ်အသင်းမှာ ပျော်ရွှင်နေပြီးတော့ အသင်းမှာ ရာသီကုန်အထိ ဆက်ရှိနေချင်ပါတယ်” လို့ မန့်လက်ဇ်က Transfermarket သတင်းကို ပြောပါတယ်။  လီဗာပူး နည်းပြယာဂန်ကလော့ပ်ဟာ အပြောင်းအရွှေ့ရာသီ သုံးခုဆက်တိုက် တိတ်ဆိတ်နေခဲ့တာကြောင့် လာမယ့်ရာသီကုန် အပြောင်းအရွှေ့ဈေးကွက်မှာတော့ ဈေးဝယ်ကြမ်းတော့မယ်လို့ အားလုံး ကယူဆနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။  ဒါ့ကြောင့် ရာသီကုန်မှာ လီဗာပူးနည်းပြ ကလော့ပ်ဟာ ရှိပြီးသားလူစာရင်းကို ကစားသမား အင်အားဖြည့်တင်းမှု ပြုလုပ်လာနိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။  ဝါနာကို လီဗာပူးအပြင် ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ တကယ်လို့ ဝါနာသာ လီဗာပူးအသင်းကို ရောက်ရှိခဲ့မယ်ဆိုရင် လက်ရှိ ခြေစွမ်းပြနေတဲ့ မာနေး၊ ဖာမီနို၊ ဆာလတ် စတဲ့ လီဗာပူးရဲ့ နာမည်ကျော် သုံးယောက်တွဲ တိုက်စစ်မှာ နေရာရဖို့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ဂျာမနီ လက်ရွေးစင်တိုက်စစ်မှူး ဝါနာဟာ တိုက်စစ်မှာ နေရာစုံ ကစားနိုင်သူ ဖြစ်ပေမယ့် လက်ရှိ လိုက်ပစ်ဇ်အသင်းမှာ တိုက်စစ်ဗဟိုနေရာကနေ အထူးခြေစွမ်းပြနေသူ ဖြစ်ပြီးတော့ အင်္ဂလန်မြေကို ပြောင်းရွှေ့လိုတယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားသူလည်း ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up