Homeသတင်းဓာတ်ပုံ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ၂ ဦး ၂၀၂၀ ရှူးမန်းဆုရရှိ
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့နှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ၂ ဦး ၂၀၂၀ ရှူးမန်းဆုရရှိ
DVB
·
February 20, 2020
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ အမျိုးသမီးအခွင့်အရေးဆောင်ရွက်သူ လွေပိုးငယ်နဲ့ လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်တို့ကို ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ရှူးမန်းဆုရှင်တွေအဖြစ် ဖေဖေါ်ဝါရီ ၁၉ ရက်မှာ ရွေးချယ် ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။
ကျောင်းသားလူငယ်မျိုးဆက်သစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလတွေမှာ သံချပ်ထိုးပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုဝေဖန်ခဲ့တဲ့ အတွက် တပ်မတော်က အကြိမ်ကြိမ်အခါခါတရားစွဲခဲ့ပြီး အကြိမ်ကြိမ် ထောင်ဒဏ်ချမှတ်ခံနေရတဲ့ အဖွဲ့ဖြစ်ပါတယ်။
အခုနှစ် ရှူးမန်းဆုကို ချီးမြှင့်ခံခဲ့ရတဲ့ အသက် ၇၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ဟာလည်း လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ သတင်းအချက်အလက်တွေ လွတ်လပ်စွာရရှိရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်း ဖြစ်ပေါ်လာရေးတို့အတွက် ကြိုးပမ်းနေသူ ဖြစ်ပြီး လတ်တလော တပ်မတော်ရဲ့ တရားစွဲဆိုခံထားရသူဖြစ်ပါတယ်။
ဆုရှင်တဦးဖြစ်တဲ့ အမျိုးသမီးအခွင့်အရေးအသိပညာများ လိုက်လံပေးနေသူ လွေပိုးငယ်ကတော့ အသက် ၃၁ နှစ် အရွယ် တအောင်းအမျိုးသမီး တဦးဖြစ်ပြီး တအောင်းအမျိုးသမီး အဖွဲ့အစည်း (TWO)က ဖြစ်ပါတယ်။
ဒီဆုဟာ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအစရှိ သည့်တို့ကို တိုးတက်မြင့်မားလာအောင် ကြိုးပမ်းလုပ်ဆောင်မှုတွေအတွက် ဂုဏ်ပြုအသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှူးမန်းဆုပေးအပ်တာ အခုနှစ်အပါအဝင် ၄ ကြိမ်တိုင်ရှိပြီ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA