Home
မြန်မာသတင်း
ပြင်ဦးလွင်ရှိ အဆောက်အအုံ ၅ ခုကို အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်နေ
DVB
·
February 19, 2020
ပြင်ဦးလွင်မြို့မှာရှိတဲ့ နှစ် ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံ ၅ ခုကို မြန်မာ့ အမွေအနှစ်စာရင်းဝင်ဖို့ ဆောင်ရွက်နေတယ်လို့ May Myo Heritage Trust အဖွဲ့ထံက သိရပါတယ်။ အ.ထ.က (၁) ပြင်ဦးလွင်၊ ဗိုလ်ချုပ်အောင်ဆန်း ပြင်ဦးလွင်လာရောက်ချိန်မှာ နေထိုင်ခဲ့တဲ့ သော်ကမြိုင်၊ မြေတိုင်းကျောင်း ပြင်ဦးလွင်၊ ကိုလိုနီခေတ်က ဘုရင်ခံတက်ခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်း၊ ပြင်ဦးလွင် ပြည်သူဆေးရုံစတဲ့ အဆောက်အဦ ၅ခုကို မြန်မာ့ အမွေအနှစ်စာရင်းဝင်ဖို့ ပထမအဆင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ကိုလိုနီခေတ် အဆောက်အအုံတွေကို ထိန်းသိမ်းနိုင်ဖို့၊ မြန်မာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပါက ပြည်တွင်းသာမက ပြည်ပခရီးသွားဧည့်သည်တွေ လာရောက်လေ့လာနိုင်တဲ့ နေရာတစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ May Myo Heritage Trust အဖွဲ့ဝင် ကိုလင်းအရုဏ်စိုးက “'နှစ် ၁၀၀ ကျော် သက်တမ်းရှိ ကိုလိုနီခေတ် အဆောက်အအုံတွေက မြန်မာ့အမွေအနှစ် စာရင်းဝင်သွားရင် လေ့လာစရာ နေရာတခုဖြစ်လာမှာဖြစ်သလို ထိန်းသိမ်းစောင့်ရှောက်နိုင်စေဖို့ ရည်ရွယ်တာပါ''လို့ ဒီဗွီဘီကို ပြောပါတယ်။ အခုလို ဆောင်ရွက်မှုတွေကို May Myo Heritage Trust အဖွဲ့၊ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်)၊ ပြင်ဦးလွင်မြို့မိမြို့ဖတွေ၊ စိမ်းလန်းပြင်ဦးလွင်၊ ပြင်ဦးလွင်ခရီးသွားလုပ်ငန်းအဖွဲ့နဲ့ ပြင်ဦးလွင်ချစ်သူတွေ စုပေါင်းပြီး ဆောင်ရွက်နေတာပါ။ အရင်က ပြင်ဦးလွင်မှာ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ကိုလိုနီခေတ် အဆောက်အဦများစွာ ရှိခဲ့ပေမယ့် ယနေ့အချိန်မှာတော့ အဆောက်အဦရာကျော်သာ ကျန်တော့တာကြောင့် ထိန်းသိမ်းဖို့ လိုအပ်နေတာပါ။ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုန်) ဒုဥက္ကဋ္ဌ ကိုဝေဠုက “မြို့မှာရှိတဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် နှစ် ၁၀၀ကျော် သက်တမ်းရှိတဲ့ အဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မြန်မာ့အမွေအနှစ်စာရင်းဝင်ဖို့ လျှောက်တာပါ၊ ဒါမှ ပျက်စီးနေတာတွေ ထိန်းသိမ်းစောင့်ရှောက်မှုမဲ့နေတာတွေ အကုန်လုံးကို စီမံချက်နဲ့ စာရင်းဝင်သွားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ဖြစ်အောင်ပါ၊ ပထမခြေလှမ်းအနေနဲ့ အဆောက်အအုံ ၅ခု လျှောက်မယ် အဲဒါတွေရပြီးရင် ကျန်တာတွေ ဆက်လျှောက်မှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီလျှောက်ထားမှုအစီအစဉ်ကို မကြာခင်ရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ သာသနာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေထံ တင်ပြသွားမယ်လို့ သိရပါတယ်။ သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024