တရုတ်နိုင်ငံ ပြင်ပ နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် Covid-19 ရောဂါ ကူးစက်ခံရသူ ၉၂ ဦးရှိ

Photo:PTI
တရုတ်နိုင်ငံ ပြင်ပက နိုင်ငံပေါင်း ၁၂ နိုင်ငံအတွင်း Covid-19 ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေလူကို ကူးစက်မှု စုစုပေါင်း ၉၂ ယောက်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဖေဖော်ဝါရီ ၁၈ ရက်မှာ အတည်ပြု ပြောပါတယ်။ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၂၉ နေရာမှာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီထိ အတည်ပြုထားတဲ့ ဗိုင်းရပ်စ်ကူးစက်ခံ ဦးရေဟာ ၇၅၂၁၆ ယောက်ရှိပြီး ကူးစက်ခံ ၂၀၁၁ ယောက် သေဆုံးခဲ့ပါတယ်။ ကူးစက်ခံလူနာ ၁၄၆၅၄ ယောက် နေပြန်ကောင်းလာပြီး လူနာ ၁၂,၀၀၀ လောက်က အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ ဗိုင်းရပ်စ် စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ကူးစက်မှု ပျံ့နှံ့တာ နှေးလာစေဖို့ တရုတ်အစိုးရက ခရီးသွားလာမှုနဲ့ စီးပွားရေးတွေကို  ထိန်းချုပ်ကန့်သတ်ခဲ့တာပါ။ ဒါကြောင့် လတ်တလောရက်တွေအတွင်း အသစ်ကူးစက်မှုနှုန်း နှေးသွားတာကို ကိန်းဂဏန်းတွေက ပြနေတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်အစိုးရဟာ ဟူဘေးပြည်နယ်က ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ပြီး တရုတ်နှစ်သစ်ကူးနောက်ပိုင်း မြို့တော် ပေကျင်းကို ပြန်လာတဲ့ လူတွေကိုလည်း သေသေချာချာ စောင့်ကြည့်နေခဲ့တယ်လို့ WHO ရဲ့ အရေးပေါ် ကျန်းမာရေးဌာန ပညာရှင် မိုက်ခ်ရိုင်ယန်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up