မြန်မာကျောင်းသားကလေးငယ်များ၏ လက်တွေ့တောတွင်းစခန်းချအစီအစဉ် လူကြိုက်များနေ
DVB
·
February 19, 2020
မြန်မာကျောင်းသားကလေးငယ်တွေရဲ့ တောတွင်းစခန်းချအစီအစဉ်လေးကို သူတို့ရဲ့ဆရာက ဖေ့စ်ဘွတ်ခ်မှာတင်လိုက်ပြီးနောက် မြန်မာလူမှုကွန်ရက် အသိုက်အဝန်းမှာ လူကြိုက်များနေပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဇိန့်ဇွန်း အလယ်တန်းကျောင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေက Grade 6 ကျောင်းသူကျောင်းသားတွေဟာ ကျောင်းခြံထဲမှာပဲ ညအိပ်စခန်းချခဲ့တာပါ။
ကျောင်းသားတွေဟာ သူတို့စခန်းချနေကြရမယ့်တဲတွေကို ကိုယ်တိုင် ဆောက်ကြတာ၊ ထမင်းဟင်းချက်ကြတာ၊ ညဘက် မီးပုံပွဲလုပ်ကြတာ စတဲ့ အဆင့်ဆင့်ကို ဓာတ်ပုံတွေမှာလည်း ရှင်းပြထားပါသေးတယ်။
ဒါဟာ Grade 6 သင်ရိုးသစ်မှာပါတဲ့ တောတွင်းစခန်းချရင် ဘာတွေလိုမလဲ ဆိုတဲ့ သင်ခန်းစာကို လက်တွေ့လုပ်လိုက်တာ လို့ သူတို့ရဲ့ အတန်းပိုင်ဆရာ ဦးစိုးဝေဟန်ကပြောပါတယ်။
သင်ရိုးမှာတော့ ဆွေးနွေးရုံပဲ ဖြစ်ပြီး တကယ်လက်တွေ့လုပ်ဖို့ ကျောင်းအုပ်ကြီးက ခွင့်ပြုတာကြောင့် လုပ်ဖြစ်သွားတာလို့ ပြောပါတယ်။
“အုပ်စုလိုက်လုပ်တတ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင် လုပ်တာ။ တဲတွေကိုတော့ တရက်ကြိုဆောက်ကြပြီး တနင်္ဂနွေညနေမှာ စတာ။ သူတို့အိမ်က ချက်စရာတွေနဲ့ အိုးခွက်တွေ ယူလာကြတယ်။ ဟင်းသီးဟင်းရွက်တွေကတော့ ကျောင်းစိုက်ခင်းကရပါတယ်” လို့ ဆရာ ဦးစိုးဝေဟန်က ပြောပါတယ်။
ကျောင်းခြံဝန်းက ကျယ်တာကြောင့် ဝန်းထဲမှာပဲ တဲလေးတွေဆောက်ကြပြီး အနားမှာ အဖွဲ့လိုက် ထမင်းဟင်းတွေချက်ပြုတ်ကြပါတယ်။
“သုံးယောက်တဖွဲ့၊ လေးယောက်တဖွဲ့ အိုးစားဖက်ဖွဲ့ပေးပြီး သူတို့ကိုယ်တိုင် ချက်ခိုင်းတာ။ အဝေမတည့်လို့ အော်ကြဟစ်ကြတာလည်း တွေ့တာပေါ့။ ဒီအခါမှာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ လက်တွေ့ သင်ပေးရတာပေါ့။ ထမင်းဟင်းချက်တာမှာ မထင်မှတ်လောက်အောင်လက်ရာကောင်းတဲ့ အဖွဲ့လည်း ပါတယ်” လို့ ဦးစိုးဝေဟန်ကပြောပါတယ်။
ညဘက်မှာလည်း ခုနစ်စဉ်ကြယ်၊ ဓူဝံကြယ်ကြည့်တဲ့ သင်ခန်းစာကို သင်ပေးပြီး မီးပုံပွဲလည်း လုပ်ခဲ့ပါတယ်။
ပြီးတော့ တယောက်ကို တယောက်ကာကွယ်ရမယ်ဆိုတဲ့အသိရအောင် ညဘက်မှာ ကင်းစောင့်ခိုင်းခဲ့ပါသေးတယ်။ မနက်မှာတော့ စခန်းချတုန်းက အားနည်းချက်၊ အားသာချက်တွေကို ပြန်ပြီး ဆွေးနွေး ဖြစ်ကြတယ်လို့ သိရပါတယ်။
ဒီကျောင်းသားလေးတွေဟာ ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းကလည်း သူတို့ရွာကနေ ၁၀ မိုင်ကျော်ဝေးတဲ့ခရီးကို စက်ဘီးနဲ့သွားကြပြီး အိုးလုပ်ငန်းလေ့လာတာ၊ ဝက်ဖိုးမြင်းပေါက်က မယ်နုအုတ်ကျောင်းနဲ့ နန်းမတော်မယ်နု ဇာတိ ဖလံဂုဏ်ရွာထိ သွားခဲ့ကြသလို ဒီနှစ်ဆန်းပိုင်းကလည်း Grade 5 ကျောင်းသားတွေနဲ့ပေါင်းပြီး ခြေလျင်တောင်တက်ခရီးတခု ထွက်ခဲ့ကြပါသေးတယ်။