ရွှေ့ပြောင်းအလုပ်သမားအရေး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဆွေးနွေးမည်

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့  ထိုင်းနိုင်ငံ မဲဆောက်မြို့က Queen Palace ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိကိုလည်း ဖိတ်ကြားထားပြီး ထိုင်းနိုင်ငံအစိုးရ အကြံပေးအဖွဲ့၊ ထိုင်းစစ်တပ်၊ ထိုင်းလဝက၊ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊ မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့အဖွဲ့တွေအပြင် ရွှေ့ပြောင်းအလုပ်သမားတွေပါ တက်ရောက်ကြမှာဖြစ်လို့ လက်ရှိ အလုပ်သမားတွေရဲ့ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို တင်ပြသွားမယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဂျော်နေ က ပြောပါတယ်။  ဒီတွေ့ဆုံပွဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လက်ရှိ ကြုံတွေ့နေတဲ့ ပြဿနာတွေ၊ အထူးသဖြင့် မဲဆောက်ဒေသမှာ အလုပ်သမား ၉၀ ရာနှုန်းဟာ  လုပ်အားခသတ်မှတ်နှုန်းထားမရတဲ့ ကိစ္စ၊ လူကုန်ကူးခံရတဲ့ကိစ္စ၊ အမ်အိုယူကိစ္စ၊ သက်တမ်းကုန်ဆုံးမယ့် အလုပ်သမားပတ်စ်ပို့နဲ့ စီအိုင် ကိစ္စတွေ အဓိက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တင်ပြချက်တွေကို ထိုင်းအစိုးရ တာဝန်ရှိသူတွေက မှတ်ယူပြီး စုံစမ်းလေ့လာသွားဖို့ရှိတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ ဒါကြောင့် မဲဆောက်က အလုပ်သမားတွေအနေနဲ့ ဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ စာရင်းပေးသွင်းကာ အခက်အခဲတွေကို တင်ပြကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် အလုပ်သမားတွေအတွက် လုံခြုံရေးကိုလည်း အထူးဆောင်ရွက်ပေးထားတဲ့အတွက် သတ်မှတ်ပုံစံတွေ ဖြည့်သွင်းပြီး တင်ပြဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။  ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၄ သန်းလောက်ရှိမယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ခန့်မှန်းထားပြီး အဲဒီထဲမှာ တရားဝင် အထောက်အထားရှိသူ ၁ ဒသမ ၇ သန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up