Live
Home
မြန်မာသတင်း
၄ လခွဲကျော်ကြာ ရပ်နားထားသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပြန်လည်စတင်
Aung Ko Latt
·
February 19, 2020
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ကတည်းက ၄ လခွဲကျော်ကြာရပ်နားထားခဲ့တဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရဲ့ (၂၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်မှာ  ပြန်လည်စတင်နေပြီဖြစ်ပါတယ်။  ဒီနေ့ ပြန်လည်ခေါ်ယူကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၉၉ ဦးရှိတဲ့အထဲက ၈၄ ဦး တက်ရောက်ခဲ့ပြီး ကိုယ်စားလှယ် ၈ ဦးက ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ မေးခွန်း ၉ ခုကို တင်သွင်း မေးမြန်းကြကာ တပ်မတော်သားကိုယ်စားလှယ်တစ်ဦး အစားထိုးကာ ဥက္ကဋ္ဌရှေ့မှာ ကတိသစ္စာ ပြုခဲ့ပါတယ်။ ကိုယ်စားလှယ်တချို့ကတော့ လွှတ်တော်အကြာကြီးရပ်နားခဲ့တဲ့အပေါ်မှာ ဝေဖန်တာတွေ လည်း ရှိပါတယ်။ တချို့ဒေသဖွံ့ဖြိုးရေးကိစ္စတွေ၊ လွှတ်တော်အားယူရမယ့်ကိစ္စတွေမှာ လွှတ်တော် မရှိတော့ အဆင်မပြေတာတွေရှိတယ်လို့လည်း ပြောဆိုကြပါတယ်။  စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကတော့ အစည်းအဝေး မခေါ်ပဲရပ်နားထားရတာဟာ ကိုယ်စားလှယ်တွေ ပြည်သူနဲ့ ပိုမိုထိတွေ့နိုင်ဖို့ အတွက်ဖြစ်သလို တိုင်းအစိုးရအဖွဲ့က ဘတ်ဂျက်ကိစ္စတွေ မပြီးပြတ်သေးတာကြောင့်လည်း ဖြစ်တယ်လို့ ပြောထားပါတယ်။  ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ ၁၀၁ ဦးရှိခဲ့ပေမယ့် ကွယ်လွန်သွားတဲ့ ကိုယ်စားလှယ်တွေရဲ့နေရာမှာ လစ်လပ်သွားတာကြောင့် လက်ရှိမှာ ၉၉ ဦးသာရှိပါတယ်။  အဲဒီထဲမှာ ရွေးကောက်ခံအနေနဲ့ ရှမ်းနီပါတီက ၁ ဦး၊  ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ အန်အယ်လ်ဒီပါတီက ၆၈ ဦးရှိပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးရှိပါတယ်။ လွှတ်တော်အစည်းအဝေးကျင်းပရက် ၁ ရက်ကို ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျတယ်လို့ သိရပါတယ်။  လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းလွှတ်တော်မှာ မေးခွန်းပေါင်း ၁၇၀၀ ဝန်းကျင်နဲ့ အဆိုပေါင်း ၂၀ ကျော်၊ ဥပဒေ ၇ ခုကို အတည်ပြုထားပြီး နောက်ထပ် ဥပဒေကြမ်း ၁၀ ခုကိုလည်း ကျန်တဲ့ သက်တမ်းအတွင်းမှာ အတည်ပြုနိုင်အောင် လုပ်ဆောင်နေတယ်လို့ လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုထားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေး‌တွေကို  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ‌(၂၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးကျင်းပခဲ့တာပါ။  အခုလိုရပ်နားခဲ့တာက အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သက်တမ်းအတွင်းမှာ အကြာဆုံးရပ်နားခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ပုံမှန်အစည်းအဝေးပေါင်း ၂၁ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024