ထူးခြားဇာတ်လမ်းဇာတ်အိမ်ဖြင့် ရှုစားရမည့် လျှို့ဝှက်သွေးထိတ်ဖွယ်ရုပ်ရှင် – The Invisible Man (နမူနာ)

1.4K
ထူးခြားဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ရှုစားကြရမယ့် ဟောလိဝုဒ် Horror ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Invisible Man ကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ Blumhouse Productions ကနေ ထုတ်လုပ်လိုက်တာဖြစ်ပြီး Saw ၊ Insidious ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးတဲ့ ဩစတေးလျဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Leigh Whannell က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်အမျိုးသားတယောက်နဲ့ ချစ်ကြိုက်မိခဲ့တဲ့ Cecilia ဆိုတဲ့ မိန်းကလေးဟာ ချစ်သူရဲ့ အနိုင်ကျင့်ခံ၊ နှိပ်စက်ခံ၊ ထိန်းချုပ်ခံ ဖြစ်လာခဲ့ရတဲ့အဆုံး သည်းမခံနိုင်တဲ့ အခြေအနေမှာ အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီသိပ္ပံပညာရှင် အမျိုးသားက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ သတင်းနဲ့အတူ ပိုင်ဆိုင်မှုတွေ အားလုံးကို Cecilia ကို လွှဲပြောင်းပေးခဲ့တဲ့ သေတမ်းစာ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတွေနဲ့အတူ Cecilia နောက်ကို မျက်စိနဲ့ မမြင်ရတဲ့ လူတယောက်က လိုက်နှောင့်ယှက်တာတွေ၊ ဒုက္ခပေးတာတွေကို ခံနေခဲ့ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူက ဒီအကြောင်းကို ပြောခဲ့ပေမယ့် ဘယ်သူကမှ မယုံကြည်နိုင်ကြတော့တဲ့ အခြေအနေမှာ ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။ တကယ်ပဲ သူ့ချစ်သူက သေဆုံးသွားခဲ့တာလား။ ဒါမှမဟုတ် တကယ်ပဲ ကိုယ်ဖျောက်ပြီး ခြောက်လှန့်နေခဲ့တာလား ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းကတော့ ဗြိတိန်နာမည်ကြီး စာရေးဆရာ H. G. Wells ရဲ့ ဒီနာမည်နဲ့ပဲ ရေးသားခဲ့တဲ့ စာအုပ်ကို ရုပ်ရှင်အနေနဲ့ ဖန်တီးပုံဖော်ထားတာပါ။ ၁၉၃၃ ခုနှစ်ကလည်း ဒီကားကို ရုပ်ရှင်ရိုက်ကူးခဲ့သေးတာမို့ ဒါကတော့ နောက်တကြိမ် အပြင်အဆင်သစ်တွေနဲ့ ရှုစားရမယ့် ရုပ်ရှင် ဖြစ်လာခဲ့တာပါ။
ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး Elisabeth Moss နဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Oliver Jackson-Cohen ၊ Aldis Hodge ၊ Storm Reid စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။
ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။