ဘန်ကောက်မြို့လယ် ကုန်တိုက်ကြီးတွင် ပစ်ခတ်မှုထပ်မံဖြစ်ပွားပြီး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

2.4K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ကုန်တိုက်ကြီးတခုထဲမှာ ဒီကနေ့ ညနေ ၃ နာရီခွဲက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပစ်ခတ်မှုဟာ ဖယားထိုင်းနယ်မြေ ချိုင်းဆမော်ရဖုမ်းကျောက်တိုင်အနီး Century Movies Plaza ကုန်တိုက် စတုတ္ထထပ်က The Icon Clinic အလှပြင်ဆေးခန်းတခုမှာ ဖြစ်သွားတာပါ။
ပစ်ခတ်မှုကြောင့် အလှပြုပြင်ရေးဆေးခန်းမှ အသက် ၂၈ နှစ်ရွယ် အမျိုးသမီး သေဆုံးပြီး ၂ ဦးမှာ မေ့မြောသွားတယ်လို့ မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေက ရှေးဦးသူနာပြုစုပေးနေစဉ် သေဆုံးသွားတာဖြစ်ပြီး သတိမေ့သူ ၂ ဦးအနက် ၁ ဦးမှာ သေနတ်ထိမှန်ဒဏ်ရာကြောင့် ဆေးရုံကို ပို့လိုက်ပါတယ်။
သေနတ်သမားမှာ အမျိုးသား ၁ ဦးဖြစ်ကြောင်း မျက်မြင်တွေက ပြောဆိုပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။ လောလောဆယ် တာဝန်ရှိရဲတပ်ဖွဲ့က အဆိုပါနေရာတဝိုက်ကို ကန့်သတ်လိုက်ပြီး သေနတ်သမားကို အပူတပြင်း ရှာဖွေနေပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လနဲ့ ဒီလအတွင်း မြို့လည်ကောင် ကုန်တိုက်ကြီးထဲ ရွှေဆိုင် ဓားပြတိုက်ပြီး ပစ်ခတ်မှု၊ လူအစုလိုက်အပြုံလိုက် သေကျေဒဏ်ရာရအောင် ပစ်ခတ်မှုနဲ့ လူနေရပ်ကွက်ထဲကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် မြို့နေလူထုကြား အထိတ်တလန့် ဖြစ်နေရပါတယ်။