တာချီလိတ်တွင် လက်နက်ကျည်ဆန်များနှင့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 18, 2020
မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်မှာ ကတ်တမင်းမူးယစ်ဆေးတွေနဲ့ လက်နက်ကျည်ဆန်တွေ ဖမ်းဆီးရမိတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေက သတင်းအရ သက်သေတွေနဲ့အတူစောင့်ဆိုင်းနေရာမှာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ကို မော်တော်ယာဉ်ဖြင့်ရောက်ရှိလာတဲ့ တာချီလိတ်မြို့နယ်၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်ကို စစ်ဆေးရှာဖွေရာက မူးယစ်ဆေးတွေနဲ့ လက်နက်တွေ တွေ့ရှိခဲ့တာပါ။
မော်တော်ယာဉ်ပေါ်တင်လာတဲ့ ကတ်တမင်းအလေးချိန် ၉၀၀ ဂရမ် (ဒေသကာလ ပေါက်စျေးတန်ဖိုးငွေကျပ် ၉၀ သိန်း)ကိုတွေ့ရှိပြီး စိုင်းရှဲန်ဝန်းရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀၀ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့လို့ တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ- CCDAC