Home
မြန်မာသတင်း
တရုတ်ပြည်မှ ပြန်လာသည့် ရေနံမြေလုပ်သား တရုတ်နိုင်ငံသား ၄ ဦးကို သီးသန့်ထား စောင့်ကြည့်နေ
DVB
·
February 18, 2020
မကွေးတိုင်း၊ ချောက်မြို့ကို ဇန်နဝါရီ ၁၇ ရက်ညနေက ပြန်လည်ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို သီသန့်ထားပြီး ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေကတယ်လို့ ချောက်/လမ်းရွာ ရေနံမြေ အထွေထွေမန်နေဂျာထံက သိရပါတယ်။ တရုတ်နှစ်သစ်ကူမှာ နေရပ်ပြန်သွားခဲ့တဲ့ အဆိုပါတရုတ်နိုင်ငံသားလေးဦးက  ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ တရုတ်နိုင်ငံကတဆင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ Air Asia လေကြောင်းလိုင်းနဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပြီး အဲဒီကတဆင့် ချောက်မြို့ကို ကားနဲ့ ပြန်လည် ရောက်ရှိခဲ့တာပါ။ ရေနံမြေ အထွေထွေမန်နေဂျာဦးကိုကိုသက်က “မန္တလေးကနေ သွားကြိုလာတဲ့ ဒရိုင်ဘာကိုပါ အဲဒီမှာပဲ ထားတယ်။ သူတို့ စားရေးသောက်ရေးကိုလည်း ဒီကလူတွေက ပေ၅၀ အကွာပေါ့ ဒီမှာ ထမင်း၊ ရေ ထားခဲ့ပြီ ဆိုပြီး ဖုန်းအဆက်အသွယ်နဲ့ တနေရာမှာ ချပို့ပေးခဲ့တာမျိုး စီစဉ်ထားတယ်။ ကျန်းမာရေးကိုလည်း နေ့စဉ် တစ်နေ့ သုံးကြိမ် အဲဒီကနေ စကားပြန်ကတဆင့် အစီရင်ခံဖို့ ပြောထားတယ်။ သူတို့ ကိုယ်စီမှာလည်း ကျန်းမာရေးတိုင်းတဲ့ ကိရိယာတွေပါကြတယ်။ အခုထားတဲ့နေရာကလည်း လူနဲ့ ဝေးတဲ့ ရေနံမြေနေရာ နောက်ဆုံး အဲဒီနားက ရေနံတွင်းအမှတ် 1219 ၊ စည် ၃၀ ထွက်တယ် တခုခု ပျက်တယ်ဆိုရင်တောင် ဒီကဝန်ထမ်းတွေကို သွားပြင်ဖို့ မခိုင်းဘူး။ အဓိက ကျန်းမာရေး ဦးစားပေးမယ်” လို့ ပြောပါတယ်။ သူတို့က ခွင့်ပြန်သွားတဲ့ ၁၄ ရက်မှာလည်း အပြင်ကို လုံးဝမထွက်ခဲ့ရတဲ့ အကြောင်းနဲ့ သူတို့နေတဲ့ဒေသက ဝူဟန်မြို့နဲ့ ဝေးတဲ့အကြောင်း  Gold Petrol ချောက်မှ တာဝန်ရှိမန်နေဂျာက ပြောပါတယ်။ အဆိုပါ တရုတ်နို်ငငံသား ၄ ဦးကို  လက်ရှိ အမှတ် ၁ ရပ်ကွက်၊ ကျောက်တဲရပ်၊ ရေနံတွင်းအမှတ် 1219 ရှိ ကွန်တိန်နာဘောက်မှာ သီးသန့်ထားရှိပြီး ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်သွားမှာဖြစ်သလို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၊ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအစိုးရနဲ့ နေပြည်တော်ကောင်စီကိုလည်း တင်ပြသွားမယ်လို့လည်း သိရပါတယ်။ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးက “ရေနံမြေဝန်ထမ်းဖြစ်တော့ ရေနံဆေးရုံရှိတယ်။ အဲဒါကြောင့် ရေနံဆေးရုံဝင်ထမ်းတွေရဲ့ ကြည့်ရှုစောင့်ကြပ်မှုအောက်မှာ ထားတယ်”လို့ပြောပါတယ်။ တရုတ်နိုင်ငံသား လေးဦးက ချောက်-လမ်းရွာရေနံမြေ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်တဲ့ Gold Petrol ကုမဏ္ဏီရဲ့ ဝန်ထမ်းတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူး ရက်ပြန်သွားပြီး နောက်ပြန်လည်ရောက်ရှိခဲ့တာပါ။  ဒီကနေ့ ညနေပိုင်းမှာလည်း ထပ်ရောက်မယ့် တရုတ်နိုင်ငံသားတွေအပါအဝင်  စုစုပေါင်း ၉ ဦးကိုလည်း အဲဒီနေရာမှာဘဲ စောင့်ကြပ်ကြည့်ရှုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024