ကိုရိုနာဗိုင်းရပ်စ် Covid-19 အတွက် ထိရောက်သည့် ကုသဆေး ရှာတွေ့ပြီဟု တရုတ် ကြေညာ

တရုတ်အစိုးရဟာ ငှက်ဖျားတိုက်ဖျက်ဆေး ကရိုလိုကွင်းဖော့စ်ဖိတ်နဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးအပါအဝင် Covid-19 ဗိုင်းရပ်စ်သစ်အတွက် ထိရောက်တဲ့ ကုသဆေးကို ရှာတွေ့ခဲ့ပြီလို့ တရုတ် အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ကြေညာပါတယ်။ ဒါ့အပြင် တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်က နေပြန်ကောင်းလာတဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာ ၃ ယောက်ကလည်း တခြားလူနာတွေကို ကုသဖို့ သူတို့ရဲ့ သွေးရည်ကြည်တွေကို ဖေဖော်ဝါရီ ၁၄ ရက်မှာ လှူဒါန်းခဲ့ကြပါတယ်။ ကနဦးရလဒ်အရ အသည်းအသန် အခြေအနေမှာ ရှိနေတဲ့ လူနာတွေကို နေပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည် သွင်းပေးချိန်မှာ သိသိသာသာ ထိရောက်ခဲ့ပါတယ်။ လောလောဆယ်မှာ ကူးစက်မှု တိုက်ဖျက်ရေးအတွက် ကူညီဖို့ မျက်နှာဖုံးတွေနဲ့ တခြား အရေးကြီးတဲ့ အထောက်အပံ့တွေကို ထုတ်လုပ်ဖို့ တရုတ်လုပ်ငန်းရှင်တွေ ကြိုးစား အားထုတ်နေကြပါတယ်။ Covid-19 လို့ နာမည်ပေးထားတဲ့ ဗိုင်းရပ်စ်သစ်ဟာ ဖေဖော်ဝါရီ ၁၆ ရက် တရက်တည်းမှာ တရုတ်နိုင်ငံတွင်း ပြည်နယ် ၃၁ ခုနဲ့ ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ လူ ၂၀၄၈ ယောက်ကို ထပ်မံကူးစက်ခဲ့ပြီး တရက်တည်းမှာ လူ ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ တရုတ်ကျန်းမာရေး အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့်ချိန်ထိ ရထားတဲ့ သတင်းအရ ကမ္ဘာ့ နိုင်ငံနဲ့ ဒေသ ၂၉ ခုမှာ လူ ၇၃၃၃၅ ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး လူ ၁၈၇၄ ယောက် သေဆုံးခဲ့ပြီးပါပြီ။ လူနာ ၁၂၈၃၇ ယောက်နေပြန်ကောင်းလို့ ဆေးရုံက ဆင်းသွားခဲ့ပြီး လူနာ ၁၁၇၉၅ ယောက် အသည်းအသန် အခြေအနေမှာ ရှိနေပါတယ်။ ကူးစက်ခံတွေနဲ့ နီးနီးကပ်ကပ် ရှိခဲ့သူ အယောက် ၃၀၀၀၀ နီးပါးကိုလည်း ရောဂါခြေချုပ်နဲ့ သီးသန့်ထားစောင့်ကြည့်နေတယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရ မီဖှန်က ဖေဖော်ဝါရီ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဗိုင်းရပ်စ် စတင်ကူးစက်ရာ ဟူဘေးပြည်နယ် အပြင်ဘက်က ဒေသတွေမှာ နေ့စဉ် အတည်ပြုပေးထားတဲ့ ကူးစက်ခံ အရေအတွက်က ၁၃ ရက်ဆက်တိုက် ကျဆင်းလာပါတယ်။  နိုင်ငံအနှံ့က ဆေးဝန်ထမ်း ၃၂၀၀၀ လည်း ဟူဘေးပြည်နယ်ကို ပြောင်းလာကြပြီး ဗိုင်းရပ်စ်ကူးစက်ခံ လူနာတွေကို ကုသပေးနေပါတယ်။ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းတွေ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနတွေ၊ စက်ရုံတွေ ပြန်ဖွင့်နေကြပါပြီ။ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကို တကမ္ဘာလုံးက အသေအချာ ချီးကျူးပါတယ်။  “အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ သူမတူအောင် ပညာရှင်ပီသကြောင်း ပြသခဲ့တဲ့ တရုတ် ကျန်းမာရေးလုပ်သားတွေရဲ့ ရဲဝံ့သတ္တိရှိမှုကို ကျနော်တို့ တကယ်ချီးကျူးတယ်” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ အရေးပေါ် ကျန်းမာရေးဌာန ညွှန်မှူး မိုက်ကယ်ရိုင်ယန်က ၅၆ ကြိမ်မြောက် မြူးနစ်ချ် လုံခြုံရေးညီလာခံမှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up