Home
မြန်မာသတင်း
ကြေးခေတ်/သံခေတ် ရုပ်ကြွင်းများကို မြေပြန်ဖို့
ပိုင်စိုး
·
February 18, 2020
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ သုတေသနလုပ်တွေ့ခဲ့ရတဲ့ ကြေးခေတ်/သံခေတ် ရုပ်ကြွင်းတွေကို မြေပြန်ဖို့လိုက်ပြီလို့ ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။ နွားထိုးကြီးမြို့နယ်၊ ကြီးကြီးရွာနဲ့ တမိုင်လောက်အကွာ၊ မိုင်တိုင် ၃၃၀ နားမှာ ကြေးခေတ်/ သံခေတ်သုတေသနလုပ်တာကို ရှေးဟောင်းသုတေသနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ တူးဖော်၊ ရှေးပစ္စည်း၊ ကမ္ပည်း ကျောက်စာဌာနစုက လုပ်ခဲ့တာပါ။ တူးဖော်သုတေသနပြုပြီးတဲ့ အရိုးစုရုပ်ကြွင်းတွေနဲ့အတူ မြေအိုး မြေခွက်တွေ၊ အသုံး အဆောင် ပစ္စည်းတွေကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် Site Museum အဖြစ် ပြသဖို့ ရည်ရွယ်ခဲ့ပေမယ့် ထွက်လာတဲ့ ရုပ်ကြွင်းတွေမှာ အပေါ်မြေလွှာရဲ့ဖိအားကြောင့် အရိုးတွေ ကွဲအက် နေတာ၊ တူးဖော်တဲ့ နေရာရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်မှာ ချိုင့်ဝှမ်းနဲ့ ရေဝပ်ဧရိယာတွေ ရှိနေတာ၊ ရွာနဲ့ဝေးတာတို့ကြောင့် ရုပ်ကြွင်းတွေအပေါ်မှာ ပလစ်စတစ်ဖုံးအုပ်ပြီး မြေပြန်ဖို့လိုက်တယ်လို့ ဆိုပါတယ်။ တွေ့ရခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ် အထောက်အထားတွေကို စနစ်တကျ အသေးစိတ် မှတ်တမ်း တင်တာတွေ၊ ပုံဆွဲတာတွေတော့ လုပ်ထားတယ်လို့သိရတယ်။ တူးဖော်ရာကနေ လူအရိုးစု ရုပ်ကြွင်းတွေ၊ တိရစ္ဆာန် အရိုးစုရုပ်ကြွင်းတွေ၊ ကြေးမြားသွားတွေ၊ သံထည်များ၊ တိရစ္ဆာန် အရိုးနဲ့လုပ်ထားတဲ့ လက်ကောက်၊ မြေအိုး၊ မြေပန်းကန်ပြား၊ ကလပ်ပုံအိုး အသုံးအဆောင်ဝတ္ထုပစ္စည်းတွေ၊ ယောက်သွားခွံနဲ့ အရွယ်တော် ကျောက်စရစ်ခဲ ဓလေ့ထုံးတမ်း ပစ္စည်းတွေ၊ ယောက်သွားခွံတွေ၊ ပုတီးစေ့တွေ၊ ကျောက်အရိုးပုတီးစေ့တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီဒေသဟာ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသတခုဖြစ်ပြီး အရိုးစု ရုပ်ကြွင်းတွေကတော့ စမုံမြစ်ဝှမ်း ပတ်ဝန်းကျင်မှာ တူးဖော်သုတေသနလုပ်ခဲ့တဲ့ ကြေးခေတ်/သံခေတ်ကာလ လူရုပ်ကြွင်း အရိုးစုတွေရဲ့  မြုပ်နှံမှုတွေနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ သင်္ဂြိုလ်မြုပ်နှံမှုဆိုင်ရာ အထောက်အထားတွေအရ အဲဒီခေတ်လူသားတို့ရဲ့ လူနေမှု အဆင့်အတန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုလုပ်ငန်းကျွမ်းကျင်မှု၊ ကြေး/သံ သတ္တုပစ္စည်းတွေကို အသုံးချနိုင်မှုစတဲ့ လူမှုဘဝကို မှတ်တမ်းတင် လေ့လာသုံးသပ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ကစလို့ စားကျက်မြေ ဧက ၂၀ လောက်မှာ ၅ မီတာပတ်လည် ၉ ကွက်ကို လေးထောင့်ကျင်းကွက်စနစ် (Grid System)ကို အခြေခံပြီး အဖွင့်တူးဖော်မှုစနစ် (Open System) နဲ့ တူးဖော်ခဲ့ပြီး ၂ လောက်အကြာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024