အာဆင်နယ် ကစားသမားများကို မန်စီးတီးအသင်းက ခေါ်ယူခဲ့ဟု အာစင်ဝင်းဂါးပြော

761
မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေအားလုံးကို ခေါ်ယူသွားခဲ့တယ်လို့ နည်းပြအာစင်ဝင်းဂါးက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ငွေကြေးသုံးစွဲမှုအပိုင်းနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ခံရပြီးတော့ ဥရောပပြိုင်ပွဲတွေကနေ နှစ်နှစ် ပိတ်ပင်ခံရပြီးတော့ ပေါင် ၂၅ သန်း ဒဏ်ကြေးပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရချိန်မှာ ခုလို ပြောလိုက်တာပါ။
အာစင်ဝင်းဂါးက အသင်းတသင်း အောင်မြင်ဖို့ဆိုတာ ငွေကြေးသုံးစွဲမှုအပေါ် မူတည်ကြောင်း မန်စီးတီးအသင်း ရင်ဆိုင်နေရတဲ့ပြဿနာဆိုတာ ဘာမှန်း သေချာမသိပေမယ့် ငွေကြေး အမြောက်အမြားသုံးစွဲပြီး အသင်းကိုတည်ဆောက်ခြင်းဟာ အသင်းတွေကြားမှာ ကွာဟချက် ကြီးမားသွားစေနိုင်တာကြောင့် အစဉ်အမြဲ ဆန့်ကျင်ကြောင်း ပြောပါတယ်။
မန်စီးတီးအသင်းဟာ အရှေ့အလယ်ပိုင်း အဘူဒါဘီအုပ်စုက ဝယ်ယူလိုက်ပြီးနောက်မှာ ဥရောပကလပ်အသင်းတွေကြားမှာ အင်အားအတောင့်တင်းဆုံးအသင်း ဖြစ်လာပြီးတော့ ပြည်တွင်းဆုဖလား အတော်များများကိုလည်း သိမ်းပိုက်ထားပါတယ်။
မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းက ကစားသမားတော်တော်များများ ဝယ်ယူခဲ့ပြီးတော့ ကိုလိုတိုရေး၊ ကလစ်ချီ၊ ဆဂ်နာ၊ နာဆရီ၊ အဒီဘာယော စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။