Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကို ကိုယ်စားလှယ် ၂၈၀ ဦးကျော်ဆွေးနွေးမည် 
နေဖြိုးဝင်း
·
February 18, 2020
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကို တပ်မတော်သား ၁၆၄ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၈၀ ဦးကျော်က အကြိတ်အနယ် ဆွေးနွေးကြဖို့ရှိနေပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းကို ဆွေးနွေးလိုတဲ့ကိုယ်စားလှယ်တွေအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက် နောက်ဆုံးထား အမည်စာရင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာထားတာဖြစ်ပါတယ်။ အခုလို ဆွေးနွေးဖို့ အမည်စာရင်းပေးထားတာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၄ ဦး၊ အန်အယ်လ်ဒီကိုယ်စားလှယ် ၆၉ ဦး၊ အခြားပါတီက ကိုယ်စားလှယ် ၄၉ ဦး စုစုပေါင်း ၂၈၂ ဦး စာရင်းပေးထားတယ်လို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးကနေ သိရပါတယ်။ တပ်မတော်အနေနဲ့ သူတို့တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေကို သီးခြား ဆွေးနွေးခွင့်ပြုဖို့ လွှတ်တော်မှာ တောင်းဆိုခဲ့ပေမယ့် ခွင့်ပြုချက်မရှိခဲ့သလို အခုပူးပေါင်းကော်မတီ က တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း နှစ်ခု မှာ သူတို့ရဲ့ သဘောဆန္ဒမပါဘူးလို့လည်း မီဒီယာတွေကို ဖြေကြားထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီအနေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကတင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွေအပါအဝင် စုစုပေါင်း ဥပဒေကြမ်း ၇ ခု ကို စုပေါင်းပြီး ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)မှာ အကျုံးဝင်တဲ့ ဥပဒေကြမ်းတစ်ခု၊ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ)မှာ အကျုံးဝင်တဲ့ ဥပဒေ ကြမ်းတစ်ခု အဖြစ် တင်သွင်းထားတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းတွေကို လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတာမှာလည်း ဆန္ဒမဲလက်မှတ် အသုံးပြုပြီး လျှို့ဝှက် ဆန္ဒမဲပေးတဲ့ နည်းလမ်းနဲ့ဆောင်ရွက်ဖို့လည်း ပူးပေါင်းကော်မတီက အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024