မကွေးတိုင်း လက်ပံတိုရေနံမှော် မီးလောင်
DVB
·
February 18, 2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ လက်ပံတိုကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာ ငရဲအိုးချောက် ယာကွင်းထဲက ရေနံမှော်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့ခင်း ၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
လက်ပံတိုရဲကင်းစခန်း ယာယီကင်းစခန်းမှူး ဒုရဲအုပ် သိန်းဇော်ထွန်းက “ဆီနဲ့ရေနဲ့ ခွဲတဲ့ ဘွိုင်လာအိုးကတဆင့် အပူလွန်ကဲပြီးလောင်တာ။ ဆုံးရှုံးမှုကတော့ မီးသတ်နဲ့ ညှိနှိုင်းနေတုန်းပဲ။ တွေ့တာက ပီပါခွန်လေးဘဲရှိတာ။ ရေနံစိမ်းကတော့ မီးလောင်တဲ့အထဲ ပါသွားတာ။ ရေနံသိုလှောင်ကျင်းက ၁၅ ပေပတ်လည်လောက်ရှိမယ်။ အဲဒီအထဲက ဆီဖင်ခြေကပ်လောက် ပါသွားတာပေါ့။ လောင်ချိန် နာရီဝက်ကျော်ကို ကျေးရွာအဖွဲ့နဲ့ မှော်သူမှော်သားတွေ ဝိုင်းငြှိမ်း လိုက်ရတယ်။ လူထိခိုက်မှုတော့ မရှိဘူး”လို့ ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ရေနံတွင်းပိုင်ရှင် ကိုသန်းကို အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။
ပေါက်မြို့နယ်ထဲက သရက်ကန်ရေနံမှော်မှာ ဇန်နဝါရီလအတွင်း ၄ ကြိမ်မြောက် မီးလောင်မှုဖြစ်ခဲ့ပြီး လူ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုလင်း (ချောက်)