Home
မေးမြန်းခန်း
လက်ပန်းတောင်းအရေး လှုပ်ရှားသူ မသွဲ့သွဲ့ဝင်းနှင့် မေးမြန်းချက် – ၁
မောင်တူး
·
March 8, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲ လက်ပန်းတောင်းတောင် ကြေးနီစီမံကန်း ရပ်တန့်ရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့ ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း ထိုင်းနိုင်ငံကို ရောက်ရှိခိုက် ဒီဗွီဘီက  တွေ့ဆုံမေးမြန်းထားပါတယ်။ အခု တွေ့ဆုံခန်း ပထမပိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_37220" align="alignleft" width="150" caption="ဦးမောင်တူး"][/caption] ထိုင်းနိုင်ငံကို ဘာကိစ္စနဲ့ လာရသလဲဆိုတာလေး ရှင်းပြပေးပါ။ “ထိုင်းမှာရှိတဲ့ လယ်သမားတွေဆီက အကြောင်းလေးတွေကို လာလေ့လာတာပါ။” လက်ပန်းတောင်းကြေးနီစီမံကိန်းမှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတယ်။ စီမံကိန်းကလည်း ဆက်လုပ်နေတုန်းပဲ။ မသွဲ့သွဲ့ဝင်းက ဆန္ဒပြခဲ့တဲ့သူဆိုတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းရေးကို လိုလားတာလား၊ တောင်သူတွေအနေနဲ့ ညှိနှိုင်းပြီး လျော်ကြေးတွေရဖို့ လိုလားတာလား။ [caption id="attachment_37221" align="alignright" width="150" caption=" မသွဲ့သွဲ့ဝင်း"][/caption] “လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကိုပဲ ကျမတို့က လိုလားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသမှာ လက်ပန်းတောင်းတောင်နဲ့ ပတ်သက်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအပြင်ကို သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးကျိုးတွေ အများကြီးထွက်နိုင်တယ်။ ကျမတို့ မြန်မာနိုင်ငံ အလယ်ပိုင်းဟာ အရမ်းကို မိုးနည်းတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် ဒီတောင် ၃၃ လုံးသာမရှိရင် ကျမတို့ဒေသမှာ လုံးဝနေလို့လည်း မဖြစ်ဘူး။ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် လုံးဝ ပျက်စီးသွားနိုင်တယ်။ အဲဒါကြောင့် လက်ပန်းတောင်းတောင် စီမံကိန်းကြီးကို လုံးဝဖျက်သိမ်းသင့်ပါတယ်။” အရင်က လျော်ကြေးပေးခဲ့တယ်ဆိုပြီး ကျနော်တို့ ကြားရတယ်။ “၁၂ ရက် ၁၂ လ ၂၀၁၀ တုန်းက ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းကိုယ်တိုင် ၀က်မှေး အမကကျောင်းမှာ သူပြောသွားတာက လယ်ယာမြေတွေထဲကို စွန့်ပစ်မြေမပုံဘူး၊ အဆောက်အဦမဆောက်ဘူး၊ မြေတွေ အပိုင်သိမ်းတာမဟုတ်ဘူး။ ဒါဟာ ၃ နှစ်စာ သီးနှံလျော်ကြေးပေးတာဆိုပြီး ပေးသွားတယ်။ အဲတုန်းက သီးနှံလျော်ကြေးမယူလို့ဆိုပြီး လယ်သမား ဦးသိန်းကို ဖမ်းသွားသေးတယ်။ ဖမ်းတယ်လို့ မပြောဘဲနဲ့ စည်းဝေးပွဲလိုလို ခေါ်သွားပြီး ထိန်းသိမ်းထားခဲ့တယ်။ ပြီးတော့ အိမ်ကြီးတွေဆောက်ပေးမယ်၊ မြေပေးမယ်ဆိုပြီး ဘေးလူကို ၀င်ပြီး ညှိခိုင်းတာ။ သူကလည်း လုံးဝ လက်မခံဘူး။ လယ်သမားဆိုတာ လယ်ယာမြေရှိမှ အဆင်ပြေတာလေ။ အဲဒါကြောင့် သူ့လယ်ယာမြေတွေတင်မဟုတ်ဘူး၊ တခြားက လယ်ယာမြေတွေကိုလည်း လုံးဝဆုံးရှုံးမခံနိုင်ဘူးဆိုပြီး အဲဒါတွေကို မယူခဲ့တဲ့အတွက် ထောင်ချခဲ့တယ်။” အဲတုန်းက သီးနှံလျော်ကြေးဆိုပြီး ကာလပေါက်ဈေးနဲ့ ဘယ်လောက်ပေးလဲ။ “ကျမနဲ့နှိုင်းပြီး ပြောပြမယ်။ သူတို့ သီးနှံလျော်ကြေးဆိုပြီး ပေးခဲ့တယ်။ ကျမတို့ ရခဲ့တာက ၇ သိန်း၊ ၃ သောင်းနဲ့ ၄ ထောင် ရခဲ့တယ်။ ကျမလယ်ယာမြေကို စိုက်စားတဲ့အခါ တနှစ်အတွင်း ကျမတို့မိသားစု ၇ ယောက် စားပြီးတဲ့အပြင် ၆ သိန်းလောက် ကျမတို့လက်ထဲမှာ ပိုခဲ့တယ်။ ကျမတို့လယ်ယာမြေတွေနဲ့ သူတို့ ၃ နှစ်စာ သီးနှံလျော်ကြေး ပေးတာ၊ အပိုင်သိမ်းတာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒတွေပြကြ၊ ရဲတွေနဲ့ပြဿနာတက်ကြတာ ၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ တွေမှာဖြစ်လာတယ်။ ပြဿနာအတက်ဆုံးက မနှစ်က နိုဝင်ဘာ ၂၉ ရက်နေ့ ၃ နာရီထိုးလောက်မှာ သပိတ်စခန်းဖြိုခွဲခံရတယ်။ အဲမှာ ရဲတွေက သေနတ်နဲ့ပစ်၊ သံဃာတွေရော လူတွေရော မီးလောင်ဒဏ်ရာတွေ ရကြတယ်။ မသွဲ့သွဲ့ဝင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ အခြေအနေလေး ပြန်ပြောပြပါ။ “သပိတ်စခန်းဖွင့်တဲ့ အချိန်ကတည်းက သပိတ်စခန်းမှာ နေ့ရောညပါ ရှိတယ်။ ၂၉ ရက်နေ့ မနက် ၂ နာရီခွဲတိတိ အချိန်ကို ၀မ်ပေါင်ကုမ္ပဏီက ခါတိုင်းပိတ်ထားနေကြ တံခါးကနေ တံခါးကိုဆွဲဖွင့်ပြီး မီးသတ်ကား ၂ စီးနဲ့ ၀င်လာတယ်။ သပိတ်စခန်းထဲကို မီးသတ်ကား ၂ စီးနဲ့ ရေတွေအပြည့်ပက်တယ်။ ဆရာတော်၊ သံဃာတော်တွေက သူတို့ကို ဘာမှလက်တုံ့မပြန်ဘဲ ဒီအတိုင်း ကျိန်းမြဲအတိုင်းကျိန်းနေတယ်။ နောက် မီးသတ်ကား ၂ စီးက ရေကုန်သွားတော့ နောက်ဆုတ်တယ်။ သူတို့ဘယ်လိုဖန်တီးထားလဲတော့ မသိဘူး။ ကျမတို့မြင်တာကတော့ နောက် ရဲတွေ ယူနီဖောင်းတွေနဲ့လာပြီးတော့မှ မီးဗုံးတွေနဲ့ပစ်တယ်။ ဆရာတော် ဦးတိက္ခဥာဏဆိုရင် ခန္ဓာကိုယ်ပေါ်ကျပြီး ခုထိလည်း ထိုင်းဆေးရုံမှာပဲရှိသေးတယ်။ ဒါ မီးလောင်ဗုံးနဲ့ကို ဒေသခံတွေကိုရော ဆရာတော်သံဃာတော်တွေကိုရော ဖြိုခွင်းလိုက်တာ။ ကျမက ကံကောင်းတယ်ပြောရမလား မသိဘူး၊ ကျမနဲ့နီးနီးလေးကို ၄-၅-၁၀ လုံးကျတာ လုံးဝမမှန်ဘူး။ ဒါပေမယ့် ဆရာတော်သံဃာတော်တွေအတွက် ၀မ်းနည်းတာပေါ့။” လက်ပန်းတောင်းအရေးနဲ့ပတ်သက်ပြီး အခု ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်။ ကြားဖြတ်အစီရင်ခံစာလည်း တင်ပြီးပြီ။ အချောထွက်မယ်ဆိုပြီး အခုထိတော့ မထွက်လာသေးဘူး။ အစီရင်ခံစာမှာ ဘာတွေမျှော်လင့်လဲ။ ဘာတွေဖြစ်လာလိမ့်မယ်ထင်လဲ။ အမတို့က ဘယ်လိုဖြစ်စေချင်လဲ။ “ကျမတို့ဖြစ်ချင်တာက လက်ပန်းတောင်းစီမံကိန်း ဖျက်သိမ်းရေးကိုပဲ ဦးတည်တာဆိုတော့ ဖျက်သိမ်းရေးကိုပဲ မျှော်လင့်တယ်။” အစီရင်ခံစာမထွက်ခင်မှာ သမ္မတ ဦးသိန်းစိန်ကို ခံခဲ့ရတဲ့သူတွေက တရားစွဲမယ်ဆိုတော့ ၁၁ ရက်နေ့ကျရင် တရားရုံးက လက်ခံ၊ လက်မခံပေါ့။ ၃ လကြာသည်အထိ ပစ်ခတ်သူတွေကို အရေးမယူသေးလို့ဆိုပြီး ဒီတော့ ဆန္ဒပြသူတွေကို ဖြိုခွင်းတယ်။ အဲနောက်ပိုင်းတွေရော အစိုးရဘက်က ကိုင်တွယ်ပုံတွေ ဘယ်လိုရှိလဲ။ “အစိုးရဘက်က ကိုင်တွယ်တာ အရမ်းကြမ်းတယ်ပြောရမယ်။ ဒေသခံတွေဘက်က လက်နက်လည်းမပါဘူး။ စိတ်ဓာတ်တခုနဲ့ ဒီဒေသမှာ လယ်ယာမြေတွေ၊ လက်ပန်းတောင်းတောင်မရှိလို့မဖြစ်ဘူးလေ။ စိတ်ဓာတ်တခုနဲ့ပဲ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ညင်သာစွာမလုပ်ဘဲ မီးလောင်ဗုံးတွေသုံးတယ်။ အကြမ်းဖက်နှိမ်နင်းတယ်ဆိုတော့ မကောင်းဘူးပေါ့။” သမ္မတဦးသိန်းစိန်က ၃ လကြာသည့်တိုင် ပစ်ခတ်နှိမ်နင်းသူတွေကို အရေးမယူသေးဘူး။ မဖော်ထုတ်သေးဘူး။ အမအနေနဲ့ရော ဒီလိုသေနတ်နဲ့ပစ်၊ သံဃာတော်တွေနဲ့ ပြည်သူတွေ မီးလောင်တဲ့အထိ ပစ်တာ ဘယ်သူ့တာဝန်ရှိတယ်လို့ ထင်လဲ။ “သမ္မတမှာလည်း တာဝန်ရှိတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ ဦးပိုင်မှာလည်း တာဝန်ရှိတယ်လို့ မြင်တယ်။ သူတို့ ၃ ယောက် အဓိက တာဝန်အရှိဆုံး။” အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024