ကိုရိုနာဗိုင်းရပ်စ် ကောလာဟလများမှန်ကန်မှုမရှိဟု ဖြူးမြို့နယ် ဆေးရုံအုပ်ကြီးပြော
DVB
·
February 17, 2020
ပဲခူးတိုင်း ဖြူးမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာဖြစ်တဲ့ ကိုယ်ပူချိန်မြင့်တက်ပြီး သေဆုံးသူရှိတယ်ဆိုတဲ့ မမှန်သတင်းကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ဖြန့်ဝေမှုတွေရှိနေပြီး အဆိုပါသတင်းဟာ မှန်ကန်မှုမရှိကြောင်းဖြူးမြို့နယ် အထွေထွေကုဆေးရုံအုပ်ကြီးက ပြောပါတယ်။
အဆိုပါ မမှန်သတင်းဖြန့်ဝေမှုနဲ့ပတ်သက်ပြီး မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိကြဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးမှုနဲ့ စောင့်ကြည့်မှုတွေကို ဆောင်ရွက်နေတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဖြိုးဝေဝင်းက ပြောပါတယ်။
"မမှန်သတင်းတွေရေးတာတော့ မကောင်းဘူးပေါ့။ အများပြည်သူတွေ အထိတ်တလန့် ဖြစ်စေတဲ့ဟာမျိုးတွေ မလုပ်သင့်ဘူးပေါ့။ ဆရာမကြီးတို့အနေနဲ့လည်း ကျေးရွာတွေအထိ ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုလည်း ဟောပြောပွဲတွေလုပ်ပြီး အသိပညာပေးနေပါတယ်”
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ ကျန်းမာရေး ဌာနနဲ့ ပူးပေါင်းကာ အသိပညာပေးနေသလို မြို့နယ်ကနေ တရုတ်နိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်သူတွေရှိတဲ့ ကျေးရွာတွေကိုလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဈေးတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောတာတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ လုပ်ဆောင်နေပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)