ဝေါမြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ပဲခူးတိုင်းဝန်ကြီးချုပ် သတိပေး
DVB
·
February 16, 2020
ဝေါမြို့နယ်အတွင်း စားကျက်မြေ ပုံစံ ၇ ထုတ်ပေးတာနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် မလိုက်နာတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေကို ပဲခူးတိုင်းဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ်ထဲက စားကျက်မြေတွေမှာ ထွက်ရှိနေတဲ့ ပုံစံ ၇ တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က ညွှန်ကြားထားတဲ့ လယ်ယာမြေဥပဒေနဲ့ မညီတဲ့ ပုံစံ ၇ တွေကို ပယ်ဖျက်ပြီး ဒေသခံ ကျွဲနွားသမားတွေ နဲ့ လယ်မဲ့ယာမဲ့တွေကို ဦးစားပေးခွဲဝေပေးဖို့ ပဲခူးတိုင်းဝန်ကြီးချုပ်ကနေ ညွှန်ကြားထားတာပါ။
ဒါပေမဲ့ ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာမှာ စားကျက်မြေ ဧက ၂၀၀ ကျော်လောက်ကို ကုမ္ပဏီတခုတည်းကိုပဲ ပုံစံ ၇ ထုတ်ပေးထားတာရှိသလို မြစ်ကျိုးကျေးရွာမှာလည်း စစ်တပ်က ပြန်စွန့်တဲ့ စားကျက်မြေ ဧက ၁၀၀၀ ကျော်ကို ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက လူတစုကို ပုံစံ ၇ တွေ ထုတ်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီအတွက် ကျေးရွာသားတွေအချင်းချင်း ပြဿနာမျိုးစုံတက်ပြီး ဒေသခံ ၇၅ ယောက် တရားစွဲဆိုခံနေရတာကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြစ်ကျိုးကျေးရွာ လူထုတွေ့ဆုံပွဲမှာ ဒေသခံတွေက တင်ပြတဲ့အတွက် ဝန်ကြီးချုပ် သိရှိသွားခဲ့ပြီး အခုလို သတိပေးလိုက်တာပါ။
ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက “ဝေါမြို့နယ်အတွင်းမှာ ဌာနဆိုင်ရာတွေက ဗရုတ်သုတ်ခလုပ်ထားလို့ ခုလိုပြဿနာတွေဖြစ်နေတာ။ မြို့နယ်မှူးတွေ၊ မြေတိုင်းစာရေးတွေ မြေစာရင်းဌာနတွေ အရေးယူရလိမ့်မယ်နော်၊ သည်းခံလို့မရတော့ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး မင်းတို့ရအောင်စစ်၊ မင်းတို့အကုန်ကာထားရင် မင်းတို့ပါငြိမယ်၊ ရုံးဌာနတွေ မညာနဲ့ မလိမ်နဲ့၊ လိုင်းကိုင်စာရေးတွေ တခါတည်းပြောထားမယ် အကုန်ပြုတ်ကုန်မယ်” လို့ သတိပေးပြောဆိုလိုက်တာပါ။
ဒီအမှုအပြင် အရင်ကလည်း မြစ်ကျိုးကျေးရွာမှာ စားကျက်မြေပေါ်ပုံစံ ၇ ရရှိသူတွေနဲ့ ဒေသခံတွေ ပြဿနာဖြစ်ခဲ့စဉ်ကလည်း မမှန်မကန်ပုံစံ ၇ တွေကို ဖျက်သိမ်းပြီး အဲဒီပုံစံ ၇ တွေကို အကြောင်းပြုပြီး တရားစွဲဆိုထားတဲ့အမှုတွေကိုပါ တခါတည်း ပိတ်သိမ်းဖို့ ဝန်ကြီးချုပ်ကနေ စာထုတ်ညွှန်ကြားထားပေမယ့် ဒီနေ့အထိ ဒေသခံတွေ အမှုရင်ဆိုင်နေရဆဲပဲလို့ မြစ်ကျိုးကျေးရွာရဲ့ ရပ်မိရပ်ဖတဦးက အဲဒီတွေ့ဆုံပွဲမှာပဲ ဝန်ကြီးချုပ်ကြီးကို တင်ပြခဲ့ပါတယ်။
အောင်စိုးမိုး