ဘွန်ဒက်စ်လီဂါ ဇန်နဝါရီ အကောင်းဆုံးကစားသမားဆု ဟာလန်း ဆွတ်ခူး

ဇန်နဝါရီလအတွက် ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာလင်ဟာလန်းရဲ့ဒေါ့မွန် ကစားသမားဘဝဟာ တောက်ပနေပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာမှ ဒေါ့မွန်အသင်းကို ရောက်ရှိလာတာပါ။  ပေါင် ၁၇ ဒသမ ၁ သန်းတန် တိုက်စစ်မှူးလေးဟာ တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲဒီလမှာ ပွဲကစားချိန် တစ်နာရီအောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီကစားချိန် ၅၉ မိနစ်အတွင်းမှာတင် ၅ ဂိုးအထိ ခြေစွမ်းပြ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းဟာလည်း ၁‌၁ ဒသမ ၈ မိနစ်ကို ၁ ဂိုးအထိ ရှိပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်ကို အာ့ဘတ်အသင်းနဲ့ ပွဲစဉ်မှာ လူစား ဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၃ မိနစ်အတွင်းမှာတင် ဒေါ့မွန်အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။  ဒါ့အပြင် နောက်တပွဲဖြစ်တဲ့ ကိုလုံးနဲ့ပွဲစဉ်မှာလည်း သူဟာ အရန်ခုံကနေ ထလာပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲစဉ်တွေအပြီးမှာ ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖက်ရီက ဟာလန်းကို လုံးဝရပ်တန့်လို့ မရ‌ကြောင်း ဝင့်ကြွားခဲ့ပြီး သူ့အနေနဲ့လည်း ဒီလိုကစားသမားမျိုးကို နည်းပြခွင့်ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။ ဟာလန်းဟာ အသင်းကို ရောက်ရောက်ချင်းမှာပဲ ဒေါ့မွန်အတွက် ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာလည်း သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။  ဖေဖော်ဝါရီလထဲမှာ ကစားခဲ့တဲ့ ယူနီယမ်ဘာလင်နဲ့ ပွဲစဉ်မှာ ဟာလန်းဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖရန့်ဖတ်နဲ့ ပွဲစဉ်မှာတော့ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါသေးတယ်။  ဒါ့ကြောင့် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာလန်းရဲ့ ဒီရာသီ ကလပ်အသင်းတွေအတွက် သွင်းဂိုးမှတ်တမ်းဟာ ၂၈ ပွဲအတွင်း ၃၇ ဂိုးအထိ မြင့်တက်ခဲ့ပြီလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ပြည်တွင်းလိဂ်တွေမှာတင် မဟုတ်ဘဲ ဥရောပအဆင့် ပြိုင်ပွဲတွေမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့အသင်းဟောင်း ရတ်ဘူးဆဲလ်ဘတ်အသင်းအတွက် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်တွေမှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။  ဟာလန်းရဲ့ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေပြီးတော့ ဒီပွဲစဉ်မှာလည်း ဟာလန်းတစ်ယောက် ခြေစွမ်းပြဂိုး သွင်းယူနိုင်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up