အကျဉ်းဦးစီးစာစစ်ဌာန ၁၀ ခုတွင် အကျဉ်းသား ၁၈၈ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည်
ဆုဆုသွယ်
·
February 16, 2020
ဒီနှစ် ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ အကျဉ်းဦးစီး စာစစ်ဌာန ၁၀ ခုဖွင့်လှစ်ထားပြီး အကျဉ်သား စာဖြေသူ ၁၈၈ ဦး ဝင်ရောက်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီနှစ် ကျင်းပမယ့်စာမေးပွဲမှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၁၈၈ ဦး စာမေးပွဲ ဝင်ရောက်ဖြေဆိုသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ပြောပါတယ်။
အကျဉ်းသားတွေ စာမေးပွဲဖြေဆိုဖို့အတွက် ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်နဲ့ မန္တလေး၊ အိုးဘိုအကျဉ်းထောင် အပါအဝင် အကျဉ်းထောင် ၁၀ ခုမှာ စာစစ်ဌာနတွေ ဖွင့်လှစ်ပေးထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောပါတယ်။
အကျဉ်းထောင်စာစစ်ဌာနတွေကနေ ဖြေဆိုမယ့် ကျောင်းသားတွေထဲမှာ အင်းစိန်အကျဉ်းထောင်နဲ့ အိုးဘိုအကျဉ်းထောင်တွေကနေ ဖြေဆိုမယ့် ကျောင်းသားတွေ အများဆုံး ဖြစ်ပါတယ်။
အရင်နှစ်တွေက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အကျဉ်းထောင်စာစစ်ဌာနတွေမှာ ကြီးကြပ်ရေးမှူး သီးသန့်ခန့်အပ်မထားခဲ့ပေမယ့် အခုနှစ် ပညာသင်နှစ်ကနေစပြီး စာစစ်ဌာနရှိတဲ့ အကျဉ်းထောင်တွေအားလုံးမှာ စာမေးပွဲ ကြီးကြပ်မယ့် ကြီးကြပ်ရေးမှူးတဦးစီ ခန့်အပ်ပေးထားတယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်တွေမှာ အကျဉ်းကျနေတဲ့ တက္ကသိုလ်ဝင်ကျောင်းသားတွေကို သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးမှာ သေချာကြပ်မတ်ပြီး စာသင်ကြားပေးသလို ကျောင်းသားတွေကလည်း ကြိုးစားသင်ယူမှုတွေ ရှိတဲ့အတွက် နှစ်စဉ် အောင်မြင်သူတွေများပြီး ဂုဏ်ထူးနဲ့ အောင်မြင်သူတွေလည်း ရှိပါတယ်။
ဒီနှစ် ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၉၇၀၀၀၀ ကျော် ဝင်ရောက်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။