Homeမြန်မာသတင်း
ထွက်ပြေးယာဉ်ပေါ်မှ သိန်း ၁ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ဖမ်းမိ
ထွက်ပြေးယာဉ်ပေါ်မှ သိန်း ၁ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 16, 2020
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်တစီးအား လိုက်လံဖမ်းဆီးရာမှ ကျပ်သိန်း ၁ သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။
အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်း နားမကျိုင်းကျေးရွာအဝင်မှာ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၅ နာရီလောက်က မူးယစ်တပ်စု ၆ ကသာမှ ခေတ္တမူးယစ်တပ်စုမှူး ရဲအုပ်ဖြိုးဝေကျော်နဲ့အဖွဲ့က သတင်းအရ အင်းတော်မြို့ဘက်ကနေ မိုးညှင်းဘက် မောင်းနှင်လာတဲ့ မာစတာ BT-50 အမျိုးအစားယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့ပြီး ပေကုန်းကျေးရွာထိပ် နန့်သဲလိမ်ချောင်းတံတားအနီးမှာ မော်တော်ယာဉ်ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်အနောက်ဘက် ကြမ်းခင်းနဲ့ ဘေးဘောင်အတွင်းကနေ စုစုပေါင်း ကျပ်သိန်း ၁၁၀၆၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၁၀ ဂရမ်ပါ ထည့်ဆပ်ပြာခွက် ၆၆၀၊ အိတ်ငယ်တွေနဲ့ထည့်ထားတဲ့ ပန်းရောင်စိတ်ကြွဆေးပြား ၈၉၃၀၀ ပြားတို့ကို တွေ့ရှိခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အင်းတော်မြို့နယ် ရဲစခန်းက သိရပါတယ်။
ကိုလင်း(ချောက်)