လက်နက်ကြီးကျည်သင့် ကျောင်းသူအား စစ်တွေဆေးရုံတွင် အရေးပေါ်ကုသ၊ အကူညီလိုအပ်နေ
DVB
·
February 16, 2020
လက်နက်ကြီးကျည်စကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတဲ့ ၄ တန်းကျောင်းသူ မခင်မေဦးဟာ ပျက်စီးသွားတဲ့ မေးရိုး အစားထိုးကုသနိုင်ဖို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက စစ်တွေဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ်ကုသနေရတယ်လို့ ဖခင်ဖြစ်သူ ဦးထွန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဒီနေ့မနက်ပဲ ဘူးသီးတောင်ကတဆင့် အငူမော်လမ်းက စစ်တွေကို ယူဆောင်လာခဲ့ရပါတယ်။ အခု စစ်တွေဆေးရုံမှာပါ။ ရန်ကုန် ယူမလား၊ ဒီမှာပဲ မေးရိုး အစားထိုးမလားဆိုတာ မသိရသေးပါ။ အခက်အခဲကတော့ ငွေပါ။ လက်ရှိ ကျနော့်မှာ ငွေ ၂ သိန်းလောက်တော့ ပါလာပါတယ်။”
၄ တန်းကျောင်းသူ မခင်မေဦးဟာ ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာ စာသင်ကျောင်းပေါ်ကို ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၀ နာရီကျော်က လက်နက်ကြီး ကျရောက်တာကြောင့် ဘယ်ဘက်နောက်စေ့ပွင့်ဒဏ်ရာ၊ ညာဘက်ပါး ထိရှဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာပါ၊
ခမွေချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က “မနေ့ကတော့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရောက်လာပြီး ဒဏ်ရာရ ကျောင်းသားတဦးစီကို ငွေငါးသောင်းနဲ့ အဝတ်အထည်၊ စားသောက်ဖွယ်ရာတွေ လာထောက်ပံ့သွားပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရ ကလေးတွေဟာ ခမွေချောင်းကျေးရွာကို မပြန်ကြသေးဘဲ့ ဘူးသီးတောင်မြို့နယ်ရှိ ဂန္ဓာရီပရဟိတကျောင်းမှာ နေထိုင်နေကြပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စညှင်းဝေအုပ်စု၊ ခမွေချောင်းကျေးရွာရှိ မူလွန် စာသင်ကျောင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်မနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျောင်းသား ၂၁ ဦး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အေအေတို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
လင်းလတ်