မန္တလေးခရိုင်အတွင်း မီးသတ်ရေငုတ် ၆၅ ခု တိုးချဲ့တပ်ဆင်မည်
DVB
·
February 15, 2020
မန္တလေးခရိုင်အတွင်း မီးငြှိမ်းသတ်ရေးမှာ အလွယ်တကူ ရေ ရရှိစေဖို့ မီးသတ်ရေငုတ် ၆၅ ခုကို ယခုနှစ် စည်ပင်ဘဏ္ဍာငွေနဲ့ တိုးချဲ့ တပ်ဆင်ပေးဖို့ ဆောင်ရွက်နေတယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။
မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၊ရေနှင့်သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးစိုးအောင်က “မီးသတ်ငုတ် ၆၅ ငုတ်လောက်ကို အသစ်တိုးချဲ့လို့ရပါတယ်။ အဲ့ဒီအတွက် တိုးချဲ့မယ့်နေရာကို သက်ဆိုင်ရာ မီးသတ်ဌာနတွေနဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေပြီးတော့ တဆင့် သူတို့လိုအပ်ချက်ရှိတဲ့နေရာလေးတွေ၊ ဒါ တကယ်လိုအပ်တဲ့နေရာမှာ မီးသတ်ငုတ်ရသွားဖို့အတွက် ဒီတွေ့ဆုံပွဲလေးကို ပြုလုပ်တာ" လို့ ပြောပါတယ်။
မန္တလေးခရိုင်အတွင်း ရေစဉ်ဆက်မပြတ်ရဖို့ အရင် တပ်ဆင်ထားပြီးသား သက်တမ်းကြာ မီးသတ်ရေငုတ်၈၅၀ လောက်ကို ပြုပြင်ပေးဖို့ ပြန်လည်စိစစ်ခဲ့ရာမှာ ၉၅ ရာခိုင်နှုန်းလောက် အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။
မန္တလေးခရိုင်၊မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးကျော်ဆန်းက "ပျက်စီးနေတာတွေ တွေ့တယ်၊ တချို့နေရာတွေကျ သန့်ရှင်းရေးပိုင်း အားနည်းတာတွေရှိတယ်၊ တချို့တွေကျတော့လည်း လမ်းလုပ်လိုက်လို့ ဖို့သွားတာတွေရှိတယ်။ အဲ့ဒါတွေကြောင့် ကျနော်တို့က အရေအတွက်လျော့မ သွားအောင်စည်ပင်နဲ့မီးသတ်နဲ့ပေါင်းပြီးတော့လုပ်ကိုင်ဆောင်ရွက်သွားမှာပေါ့" လို့ ပြောပါတယ်။
လမ်းသစ်တွေ တိုးချဲ့ရာမှာ မီးသတ်ရေငုတ်တွေ ထည့်သွင်းခဲ့တဲ့အတွက် ပိုမိုများပြား လာတာဖြစ်ပြီး ပိုက်လိုင်းအသစ်တွေ ဆောင်ရွက်ရင်လည်း မီးသတ်ငုတ်တွေ ထပ်တိုးထည့်သွင်းဆောင်ရွက်မယ်လို့ သိရပါတယ်။
မီးသတ်ရေငုတ်တွေကို ၂ လတကြိမ်ပူးပေါင်းစစ်ဆေးမှာဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း မီးသတ်ရေငုတ်တွေကို ပြန်လည်စစ်ဆေးမယ်လို့လည်း သိရပါတယ်။
လမ်းသားတိုးချဲ့တာကြောင့် လမ်းပေါ်ရောက်နေတဲ့ မီးသတ်ရေငုတ်တွေကို လမ်းဘေးကို ရွှေ့ပြောင်းပေးမယ့်အပြင် မြေပြင်ညီ မီးသတ်ရေငုတ်နေရာတွေမှာ သတိပေးအမှတ်အသားတွေ စိုက်ထူပေးမယ်လို့ သိရပါတယ်။
ရေစင်တွေမှာလည်း မီးသတ်ကားတွေ ရေဖြည့်နိုင်တဲ့ မီးသတ်ရေငုတ်တွေ ထပ်တိုးတပ်ဆင်ပေးဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျုံးဘေးပတ်လည်မှာလည်း အရေးပေါ် ရေယူ မီးသတ်စက်တွေ ထပ်မံ တပ်ဆင်ပေးဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မီးသတ်ရေငုတ်တွေ တပ်ဆင်ရာမှာ အမှန်တကယ်လိုအပ်တဲ့နေရာကို တပ်ဆင်ဖို့ စည်ပင်နဲ့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ထိန်ထိန်လင်း