Home
မြန်မာသတင်း
မင်းပြားတွင် စက်ရုံအလုပ်သမားတဦး ဖမ်းဆီးရိုက်နှက်ခံရသဖြင့် ပြင်းထန်ဒဏ်ရာရ
ဝဏ္ဏခွာညို
·
February 15, 2020
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားရာကနေ ထွက်ပြေးလာတဲ့ ဓာတ်မီးတိုင်ကုမ္ပဏီ စက်ရုံအလုပ်သမားတဦးကို တပ်မတော်သားတွေက အေအေတပ်ဖွဲ့ကလို့ဆိုပြီး ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အရှေ့ဘက် ၅ မိုင်လောက်ကွာဝေးတဲ့ ရာမောင်တံတားအနီး ဖားပြိုကျေးရွာမှာ တပ်မ‌တော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနား တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။ ဖားပြိုကျေးရွာအနားမှာရှိတဲ့ ဓာတ်မီးတိုင်ကုမ္ပဏီစက်ရုံနဲ့ ဘိလပ်မြေစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ စက်ရုံ အလုပ်သမားတွေဟာ တိုက်ပွဲရပ်စဲသံကြားတာနဲ့ ဖားပြိုကျေးရွာကို အသီးသီး ထွက်ပြေးလာရာကနေ တပ်မတော်သားတွေနဲ့ ထိတ်တိုက်တိုးသွားပြီး ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ခံခဲ့ရတာလို့ ကာယကံရှင်ဖြစ်သူ ကိုဌေးလှိုင်က ဒီဗွီဘီကို ပြောပါတယ်။ “ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲနည်းနည်း ရပ်စဲသွားတဲ့အချိန်မှာ စက်ရုံလုပ်သားတွေ ရွာထဲကို အကုန်ထွက်ပြေးကြပါတယ်။ ကျနော်လည်း ထွက်ပြေးတယ်။ အဲဒီ ကျနော် ထွက်ပြေးတဲ့နေရာနဲ့ စစ်သားတွေနဲ့ တိုးတယ်။ အဲဒီမှာ ကျနော်ကို ခေါ်သွားပြီးတော့ ရိုက်တယ်။ မင်း အေအေ မဟုတ်ဘူးလား မေးတယ်။ ကျနော်က မဟုတ်ဘူး။ ကျနော် ဓာတ်မီးတိုင်ကုမ္ပဏီ စက်ရုံမှာလုပ်တာ၊ အလုပ်သမားကတ်လည်း ပါတယ်ဆိုပြီး ပြတယ်။ ဒါပေမဲ့ အဲဒီစစ်သားက အသကုန်ရိုက်နှက်တယ်။ စစ်သားတယောက်တည်း ရိုက်တာ၊ နောက်စစ်သားတွေ ကျနော့်ကို ရိုက်နှက်တာ ကြည့်နေကြတယ်။ ကျနော့်ကို မျက်နှာတွေမှာရော၊ ခြေထောက်တွေမှာရော တံတောင်ဆစ်၊ ခြေထောက် အကုန်ရိုက်နှက်တယ်။” အဲဒီနောက်မှာတော့ ကိုဌေးလှိုင်ကို တပ်မတော်သားတွေက ဖမ်းဆီးသွားပြီး ဖားပြိုကျေးရွာက နေအိမ်တလုံးမှာ ပိတ်လှာင်ထားခဲ့တယ်လို့ ဆိုပါတယ်။  ဒီကနေ့မနက်ပိုင်းမှာတော့ တပ်မတော်သားနှစ်ယောက် ထမင်းချက်နေတဲ့အချိန် ဖားပြိုဘုန်တော်ကြီးကျောင်းကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကိုထွန်းလှိုင်က ပြောပါတယ်။ “မင်း ဒီကနေ ထွက်ပြေးရင် သတ်ပစ်မယ်။ ထွက်ပြေးရဲ ထွက်ပြေးကြည့်၊ မင်းကို ဒီညနေ သတ်ပစ်မယ်လို့ စစ်သားတယောက် လာပြီးခြိမ်းခြောက်တယ်။ မနက်မိုးလင်းတော့ စစ်သားတွေက အိမ်နားမှာမရှိတော့ဘူး။ နှစ်ယောက်တော့ တွေ့တယ်။ အဲဒီမှာ ကျနော် ထွက်ပြေးလာတယ်။ စစ်သားတယောက် လှမ်းအော်တယ်။ ဟေ့ကောင် မပြေးနဲ့လို့ အော်ပြောတယ်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းကို ထွက်ပြေးလာတယ်။”  ဖားပြိုကျေးရွာကျောင်းထိုင်ဆရာတော်က “ဒကာလေးမှာ ဒဏ်ရာတော်တော်ပြင်းတယ်။ မျက်နှာတွေ ဖူးရောင်နေတယ်။ စကားလည်း သိပ်မပြောနိုင်ဘူး။ လှဲနေလို့လည်း မရဘူး၊ ထိုင်နေရတယ်၊ ရင်ဘတ်တွေက အောင့်တယ်လို့ ပြောတယ်။ ဘုန်းဘုန်းတို့ သူ့ကို ဘုန်းကြီး ကျောင်းမှာ ထားပါတယ်။ စစ်သားတွေကတော့ ရွာထဲမှာရှိနေတုန်းပဲ၊ သူ ဓာတ်မီးတိုင်ကုမ္ပဏီမှာ အလုပ်လုပ်တာပါ” လို့ မိန့်ပါတယ်။ လက်ရှိအချိန်မှာ တပ်မတော်စစ်ကြောင်းက ဖားပြိုရွာထဲမှာ ရှိနေတာကြောင့် ဒဏ်ရာရတဲ့ လူနာအား မင်းပြားမြို့ဆေးရုံကို သယ်ခွင့်မရသလို တိုက်ပွဲကြောင့် ရာမောင်တံတား ရန်ကုန်-စစ်တွေလမ်းတွေ ဟိုဘက် ဒီဘက် ပိတ်ထားတယ်လို့ အမ်းသားရွာက သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။ “သူက ဓာတ်မီးတိုင်စက်ရုံမှာ လုပ်နေတာကြာပြီဗျ၊ အလုပ်သမားကတ်ပြားလည်း ဆွဲထားတယ်။ ယူနီဖောင်းလည်း ဝတ်ထားတယ်။ စစ်သားတွေ ရိုက်နှက်တာတွေက သူ့မှာ လက်တွေမှာရော၊ မျက်နှာတွေမှာရော တော်တော်များများ ဒဏ်ရာရတယ်ဗျ၊ ဒဏ်ရာတ အားပြင်းတယ်။ အသက်ရှူကျပ်တယ်၊ အသက်ရှူမဝဘူးလို့ ပြောတယ်။ ကျနော်တို့ ဆေးရုံပို့ဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ ရာမောင်တံတားကို မဖြတ်ရဘူး။ ရာမောင်တံတားကနေ ဟိုဘက် ဒီဘက် သွားလာခွင့်မပေးဘူး။” လက်ရှိမှာ ကိုဌေးလှိုင်ဟာ အချိန်မီ ဆေးကုသမှု လိုအပ်နေတယ်လို့ ဖားပြိုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးက ဒီဗွီဘီကို မိန့်ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို ဒီဗွီဘီက ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024