Home
မြန်မာသတင်း
ရခိုင်နှင့်ချင်း အင်တာနက်လိုင်းများ အမြန်ဆုံးပြန်ဖွင့်ပေးရန် ဆွီဒင်အစိုးရ တိုက်တွန်း
DVB
·
February 15, 2020
ရခိုင်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့နဲ့ ဥပဒေမူဘောင်တွေကို ပြန်ပြီး ပြင်ဆင်သုံးသပ်သင့်တယ်လို့ ဆွီဒင်အစိုးရက တိုက်တွန်းပါတယ်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံနဲ့ ပလက်ဝမြို့နယ်တို့မှာ အင်တာနက် အဆက်အသွယ်တွေကို ဖြတ်တောက်ထားဖို့ မြန်မာအစိုးရက ထပ်ပြီးညွှန်ကြားတယ်လို့ သိရတဲ့အတွက် ဆွီဒင်သံရုံးအနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ ဆိုပါတယ်။ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်နဲ့ မင်းပြားမြို့နယ်တို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာဆိုရင် ရက်ပေါင်း ၂၄၀ ပြည့်ပြီ ဖြစ်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပြင်ပလောကမှာသာမဟုတ်ဘဲ အင်တာနက်ပေါ်မှာလည်း ရနေရမှာဖြစ်ပြီး သတင်းအချက်အလက် စီးဆင်းတာကို ကန့်သတ်ထားတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့အပေါ်သက်ရောက်နေတဲ့ ပြဿနာရပ်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်၊ ငြင်းခုံခွင့် မရကြဘူးလို့ သံရုံးက ထုတ်ပြန်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက် မှန်မှန်မချနိုင်ဘဲ အခုလို အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မျိုးမှာ ပိုပြီး စိုရိမ်စရာဖြစ်တယ်လို့ ဆိုပါတယ်။ အင်တာနက် ပြတ်တောက်တာကြောင့် သတင်းအချက်အလက်တွေ မလွှင့်တင်နိုင်တာ၊ မမျှဝေနိုင်တာ၊ ပညာလေ့လာသင်ယူလိုသူတွေအတွက် လမ်းကြောင်းတွေ ပျောက်ဆုံးနေတာသာမက ငွေလွှဲပေးပို့တာတွေကိုတောင် မလုပ်နိုင်လို့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ဘယ်လောက် ရိုက်ခတ်နေလဲ ဆိုတာကို အဲဒီမြို့တွေမှာ ထင်ထင်ရှားရှား တွေ့နေရတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲတွေကို ပိုပြီး ဆိုးရွားစေတဲ့အပြင် ထောက်ပံ့ကူညီတာတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေကိုပါ ဆိုကျိုး ရိုက်ခတ်တာတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ အဲဒီဒေသတွေမှာ အင်တာနက် အဆက်အသွယ်တွေ အပြည့်အဝ သုံးစွဲနိုင်ခွင့်ကို အခုချက်ချင်း ပြန်လည်ဖွင့်လှစ်ပေးဖို့ ဆွီဒင်အစိုးရက ထပ်တိုက်တွန်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ပြည်သူတွေအနေနဲ့ အင်တာနက် သုံးစွဲခွင့် ပိုကောင်းစေဖို့၊ အွန်လိုင်းပေါ်မှာ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်ရစေဖို့အတွက် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေ မူဘောင်တွေကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပြီး အဲဒီလို ပြင်ဆင်ရာမှာ ဆက်သွယ်ရေးဥပဒေထဲက မရေရာတဲ့စကားလုံးတွေနဲ့ သိမ်းကျုံးပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၇၇ ကို အမြန်ဆုံး ပယ်ဖျက်ပေးဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ပြီး အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာလအစောပိုင်းမှာ မြို့နယ် ၅ မြို့နယ်ကို အင်တာနက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပေမယ့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့အား ဆက်ပိတ်ထားပါတယ်။ ဒီနောက် ဖေဖော်ဝါရီ ၃ ရက် နေ့ကစပြီး ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တွေမှာ အင်တာနက်လိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024