ကိုရိုနာဗိုင်းရပ်စ်ကြောင့် စင်ကာပူ ရိုမန်ကက်သလစ်အဖွဲ့ချုပ် ဝတ်ပြုဆုတောင်းပွဲများ ဖျက်သိမ်း 

COVID–19 ဗိုင်းရပ်စ် ပြန့်ပွားနေမှုကြောင့် အသင်းတော်ရဲ့ ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားတွေနဲ့ လူစုလူဝေး ဖြစ်ပေါ်စေမယ့် အခမ်းအနားတွေ ကျင်းပတာကို ရပ်ဆိုင်း လိုက်ကြောင်း စင်ကာပူ ကက်သလစ်အသင်းတော်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြေညာချက်မှာ ဝတ်ပြုဖို့ လာရောက်ကြသူများနဲ့ ဘုန်းတော်ကြီးတွေအကြားမှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်မှု အန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာ သတိပေး ချက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပူချိန်တိုင်းတာခြင်း နည်းလမ်းကို အသုံးပြုဖို့ စီစဉ်ခဲ့ပေမယ့် ဒီနည်းလမ်းဟာ ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ရောဂါလက္ခဏ‌ ပြသခြင်းမရှိသူများအတွက် အသုံးဝင်ခြင်းမရှိ ဆိုတာကိုလည်း သတိပြုမိခဲ့ကြောင်း၊ ဒါ့ကြောင့် အပူချိန်တိုင်းတာစစ်ဆေးခြင်းဟာ ရောဂါကူးစက်နိုင်ခြင်းကို လျော့ပါးစေနိုင်ပေမယ့် ရောဂါပြန့်ပွားခြင်းကို အပြည့်အဝ တားဆီးနိုင်ခြင်းတော့ မရှိပါဘူး။ ကက်သလစ်အသင်းတော်အနေနဲ့ လူစုလူဝေး ပြုလုပ်ခြင်းကို ‌ရှောင်ရှားပြီး ဗိုင်းရပ်စ် ပြန့်ပွားခြင်းကို တားဆီးရာမှာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ဖို့ တာဝန်ရှိကြောင်း၊ လက်ရှိ ကူးစက်မှု မြင့်တက်နေခြင်းကို တားဆီးဖို့ ခက်ခဲနေတာကြောင့် သီတင်းပတ်ကုန်ပိုင်းနဲ့ ကြားရက်တွေက ဝတ်ပြုဆုတောင်းမှုတွေကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ် ၁၂ ရက်က စတင်ကာ အခြေအနေတွေ တိုးတက်လာမှုမရှိမချင်း ရပ်ဆိုင်းသွားမယ်လို့ ဖော်ပြထားပါတယ်၊ ဝတ်ပြုဆုတောင်းမှုတွေအပြင် လူစုလူဝေးဖြစ်စေမယ့် အခမ်းအနား အားလုံးကိုလည်း ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ဒီလို ဖျက်သိမ်းခြင်းတွေ ကက်သလစ် ဘာသာဝင်တွေအတွက် မြင့်မြတ်တဲ့နေ့မှာ မြင့်မြတ်တဲ့ ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခြင်းကို တားဆီးတာမဟုတ်ဘဲ ဘာသာဝင်တွေဟာ YouTube ဒါမှမဟုတ် CatholicSC Radio တွေကနေတဆင့်  ဝတ်ပြုမှုကို ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘာသာဝင်တွေဟာ Covid – 19 ဗိုင်းရပ်စ် မပြန့်ပွားနိုင်တဲ့ နေရာတွေမှာ မိသားဝင်တွေနဲ့အတူ စုဝေးဝတ်ပြုခြင်း ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အတူတကွ ဝတ်မပြုနိုင်လျှင်တောင် တဦးတည်း ဝတ်ပြုခြင်း စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ မင်္ဂလာအခမ်းအနားတွေနဲ့ အသုဘအခမ်းအနားတွေဟာ သတ်မှတ်ထားတဲ့ ဧည့်သည်တွေကိုသာ ဖိတ်ကြားကြတဲ့ ကိုယ်ပိုင်ဝတ်ပြုဆုတောင်းမှုတွေလို့ သတ်မှတ်နိုင်ပါတယ်။ ဒီကိစ္စတွေအတွက် သက်ဆိုင်ရာ ဘုန်းတော်ကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်သလို အခမ်းအနားတွေမှာလည်း ကက်သလစ် ဆေးပညာဆိုင်ရာ လမ်းညွှန်မှုအဖွဲ့ (CMG) က ချမှတ်ထားတဲ့ အကြံပြုချက်တွေနဲ့အညီ ကြိုတင်ကာကွယ်မှုတွေကို ဆောင်ရွက်နိုင်လို့ ရေးသားထားပါတယ်။ ဒီနေ့မနက်ပိုင်းအထိ  ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၁၀၂ ဦး၊ သေဆုံးသူ ၁၅၂၆ ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၅၂၃ ဦး၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။ ရောဂါ ပျောက်ကင်းသက်သာသူ ၈၂၇၆ ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up