Home
မြန်မာသတင်း
မန္တလေးတွင် ကိုရိုနာဗိုင်းရပ်စ် သတိပေးဗီနိုင်းများ လိုက်လံကပ်ထား
DVB
·
February 15, 2020
မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိရေးနဲ့ ကျန်းမာရေးသတိပြုစေဖို့အတွက် လူစည်ကားတဲ့ နေရာတွေမှာ ပညာပေး ဗီနိုင်းတွေ လိုက်ကပ်ထားတယ်လို့ မန္တလေးတိုင်းကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း သက်ဆိုင်ရာ မြို့နယ်၊ ကျောင်းနဲ့ ဈေးတွေမှာ ပညာပေးဟောပြောမှုတွေ လုပ်နေပြီး နှာချေ၊ ချောင်းဆိုးရာမှာ သတိပြုရမယ့်အချက်တွေနဲ့ လက်ဆေးဖို့ကိုလည်း အဓိက တိုက်တွန်းထားတယ်လို့ သိရပါတယ်။‌ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က "ပြည်သူလူထုသိအောင်တော့ အသိပေးလှုပ်ရှားမှုတွေကတော့ သတင်းစာတွေက ထည့်ပေးနေတယ်၊ မီဒီယာတွေက ကြော်ငြာနေတယ်။ ကျန်းမာရေးဝန်ထမ်းများကလည်း သူရဲ့သက်ဆိုင်ရာ သက်ဆိုင်ရာ မြို့နယ်တွေ၊ ကျောင်းတွေ‌၊ ဈေးတွေ၊ ရပ်ကွက်တွေထဲမှာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို လိုက်ဟောပြောနေတာ။ မန္တလေးကတော့ တိုင်းကျန်းမာ‌အနေနဲ့ ဗီနိုင်းကို တမြို့နယ်ကို နှစ်ခုနဲ့ လူစည်ကားရာနေရာမှာ၊ လူမြင်တဲ့နေရာမှာ ကပ်ဖို့ရာကို ဝေထားပြီ။ ဒါကို ကပ်မယ်၊ လူစည်ကားရာ ကပ်ရခြင်းက အဓိကကတော့ ချောင်းဆိုးလို့ရှိရင် ဘယ်လိုဆိုးရမလဲ၊ ဘယ်လို စွန့်ပစ်ရမလဲဆိုတဲ့ နည်းရယ်၊ လက်ဆေးဖို့ရာ အတွက်ရယ်၊ ဗီနိုင်းနှစ်ခုပေါ့၊ ဒါတွေကို လုပ်သွားမှာပေါ့" လို့ ပြောပါတယ်။ ပညာပေး ဗီနိုင်းတွေကို တမြို့နယ်ကို နှစ်ခုနှုန်းနဲ့ လူစည်ကားရာနေရာတွေမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စကပ်ထားပြီး ကိုရိုနာဗိုင်းရပ်စ် သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနတွေကို အမြန်ဆုံးသတင်းပေးပို့ကာ ကုသမှုခံယူဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒီနေ့မနက်ပိုင်းအထိ  ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၇၁၀၂ ဦး၊ သေဆုံးသူ ၁၅၂၆ ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၅၂၃ ဦး၊ ဖိလစ်ပိုင်၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။ ရောဂါ ပျောက်ကင်းသက်သာသူ ၈၂၇၆ ရှိပြီလို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024