စစ်တွေတွင် သံဃာတော်များနှင့် ရခိုင်လူမျိုးများ ဆန္ဒပြ
အေးနိုင်
·
March 7, 2013
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သံဃာတော်တွေနဲ့ ရခိုင်လူမျိုး ရာပေါင်းများစွာဟာ လမ်းမတွေပေါ်မှာ ထွက်ပြီး စစ်တွေမြို့မီးလောင်ပြင်မှာ ဘင်္ဂါလီတွေကို နေရာချပြီး အိမ်ဆောက်ပေးမယ့် အစီအစဉ်ကို မပြုလုပ်ဖို့ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
ရဟန်းပျိုသမဂ္ဂ ဦးပဉ္စင်းတပါးက “ဟုတ်တယ်။ လူတွေရော၊ ရဟန်းတွေရော ၃-၄ထောင်လောက်ရှိပါမယ်။ ရဟန်းတွေက ရှေ့ကနေ ဗီနိုင်းတွေ ကိုင်ထားပါတယ်။ အခုဆိုရင် ဦးဇင်းတို့ စထွက်တာ ၀င်္ဂဘာကုန်း၊ ဘုရားကြီးကုန်းပေါ့။ အဲဒီကနေ စထွက်တယ်။ အခုဆိုရင် မြို့ထဲ လမ်းမကြီးနားရောက်နေပြီ”လို့ မိန့်ပါတယ်။
တောင်းဆိုချက်နဲ့ ပတ်သက်လို့ ရဟန်းပျိုက “အဓိကအချက်က မီးလောင်ပြင်မှာ ဘင်္ဂါလီတွေကို အိမ်ဆောက်ပေးမယ်ပြောတယ်။ မီးလောင်ပြင်မှာ ဦးဇင်းတို့ ရခိုင်တွေနဲ့ အတူတူမနေချင်ဘူးလို့၊ အဲဒါကို အဓိကထားပြီးတော့ ပစ်မှတ်ထားပြီးတော့ တောင်းဆိုတယ်” လို့ ပြောပါတယ်။
ကျန်တောင်းဆိုချက်တွေကတော့ ဒေသခံတိုင်းရင်းသားများရဲ့ဆန္ဒကိုလေးစားလိုက်နာပါ၊ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားအခွင့်အရေးမပေးပါနဲ့၊ ဘဂါလီအရေး ကိုင်တွယ်ဖြေရှင်းမှု ပွင့်လင်းမြင်သာမှုရှိပါစေ၊ ပြည်နယ်အစိုးရ သွေးမပျက်ပါနဲ့ စတာတွေ ဖြစ်တယ်လို့ မိန့်ပါတယ်။
ဒီဆန္ဒပြပွဲ လုပ်မယ်ဆိုတာ ရခိုင်ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့တယ်လို့ ဦးပဉ္စင်းက မိန့်ပါတယ်။
ဒီဆန္ဒပြပွဲဟာ ဟိုအရင်ရက်ပိုင်းက သတင်းထွက်ခဲ့တဲ့ စစ်တွေမြို့မှာ တူရကီနိုင်ငံက ဘင်္ဂါလီတွေအတွက် လူနေအိမ်ခြေ ၄ ထောင် ဆောက်လုပ်ပေးမယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။