Home
မြန်မာသတင်း
ကယား လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးကို  လဝကဝန်ကြီးအဖြစ် ပူးတွဲခန့်အပ် 
နော်နိုရင်း
·
February 14, 2020
ကယားပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ ကယားပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။  ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူကိုပူးတွဲခန့်အပ်ဖို့  ကယားပြည်နယ် ဝန်ကြီးချုပ်က ကယားပြည်နယ်လွှတ်တော်မှာ အဆိုပြု တင်သွင်းထားတာပါ။  ဒီကနေ့ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းလာတဲ့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကွန့်ကွက်ဆွေးနွေးတာ မရှိတဲ့အတွက်  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက လွှတ်တော်အစည်းအဝေးမှာ တည်ပြုကြေညာခဲ့ပါတယ်။ ဝန်ကြီးဌာနနှစ်ခု တာဝန် ထမ်းဆောင်ရမယ့်အပေါ် ဦးခင်မောင်ဖြူက “လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်မှာလူဝင်မှုကြီးကြပ်ရေးက သိပ်အရေးကြီးတယ်။ ဘာလို့အရေးကြီးလဲဆိုရင် ကျနော်တို့ စကားတခုရှိတယ်လေ။ မြေမျိုရင်လူမျိုးမပျောက်ဘူး။ လူမျိုရင်လူမျိုးပျောက်မယ်။ သိပ်အရေးကြီးတယ်။ အဲတော့ ကျနော်အတတ်နိုင်ဆုံးလေ့လာမယ်။ လူဝင်မှုကြည့်ကြပ်ရေးအပိုင်း ရှိတယ်။ မှတ်ပုံတင်အပိုင်းရှိတယ်။ နိုင်ငံသားတွေ စိစစ်တဲ့အပိုင်းရှိတယ်။ အများကြီးရှိပါတယ်။ အဲဒါကိုဆက်ပြီးတော့ လေ့လာမှာပေါ့လေ။ ဒါလည်း တိုင်းပြည်ကို ကာကွယ်တဲ့ ကဏ္ဍတခုပါပဲ။ လက်နက်ကိုင်မှ နိုင်ငံကို ကာကွယ်တာမဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းတွေလည်း တိုင်းပြည်ရဲ့လုံခြုံရေးကို အင်မတန်ကာကွယ်တည်ဆောက်မယ့် လုပ်ငန်းစဉ်ကြီးတခုဖြစ်ပါတယ်။ အတတ်နိုင်ဆုံးကြိုးစားမယ်။ ” လို့ ဒီဗွီဘီကို ပြောပါတယ်။  ဝန်ကြီးဦးခင်မောင်ဖြူဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာမွေးဖွားတဲ့ ဗမာ၊ ကယားလူမျိုးဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှာ အင်ဂျင်နီယာဘွဲ့ရရှိထားပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းတွေမှာ အင်ဂျင်နီယာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။ လက်ရှိအစိုးရသက်တမ်း ၂၀၁၆ ခုနှစ်ကစပြီး လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လာတာဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၁၅ ကြိမ် ကယားပြည်နယ် လွှတ်‌တော်ပုံမှန်အစည်းအဝေးမှာ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်နယ်ဝန်ကြီးချုပ်က တင်သွင်းခဲ့တဲ့ ဦးတင်ဌေးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့လို့ ခန့်အပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024