သမ္မတထရမ့်၏ အီရန်အပေါ် စစ်မက်ပြုနိုင်မှုအား ကန့်သတ်သည့်ဥပဒေကြမ်း အထက်လွှတ်တော်ထောက်ခံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် စစ်မက်ပြုနိုင်စွမ်းကို  ကန့်သတ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထောက်ခံလိုက်ပါတယ်။  အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်မန်နီကို ဒရုန်းနဲ့တိုက်ခိုက်ဖို့ သမ္မတ ထရမ့် အမိန့်ပေးခဲ့ပြီး အီရန်လက်တုံ့ပြန်ချက်ကြောင့် ဒေသတွင်း ပိုမိုကြိးမားတဲ့ ပဋိပက္ခဖြစ်မယ့် စိုးရိမ်စိတ်တွေ ပေါ်ပေါက်ခဲ့ပြီးနောက် အထက်လွှတ်တော်က သမ္မတ ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။  သမ္မတ ထရမ့်ရဲ့ စစ်မက်ပြုနိုင်စွမ်းကို ကန့်သတ်တဲ့ ဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်ရာမှာ ရီပတ်ဘလီကန် အမတ် ၈ ဦးက ဒီမိုကရက်တွေနဲ့ ပူးပေါင်းခဲ့ပြီး ၅၅ မဲ- ၄၅ မဲနဲ့ ထောက်ခံခဲ့ပါတယ်။  ဒီဥပဒေကြမ်းအရ ကွန်ဂရက်က  စစ်ရေးသုံးဖို့ ခွင့်မပြုမချင်း  သမ္မတ ထရမ့်အနေနဲ့ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်ခေါ်ရမှာ ဖြစ်ပါတယ်။  ဒီဥပဒေကြမ်းကို ထရမ့်က ဗီတိုအာဏာသုံး ပယ်ချမယ်လို့ ပြောထားပြီး ဗီတိုကို ပယ်ဖျက်ဖို့ရာ လုံလောက်တဲ့ မဲအရေအတွက် သုံးပုံနှစ်ပုံ ရမယ် မထင်ရပါဘူး။  အကြောင်းကတော့ အထက်လွှတ်တော် အမတ်နေရာ ၁၀၀ မှာ ရီပတ်ဘလီကန်တွေက ၅၃ နေရာရထားပြီး သမ္မတအပေါ် ဆန့်ကျင်မဲပေးတာမျိုးက ရှားရှားပါးပါးပါ။ ဒါ့အပြင် ဒီဥပဒေကြမ်းကို ဆန့်ကျင်သူတွေက ဥပေဒကြမ်းဟာ အီရန်နိုင်ငံကို တလွဲအဓိပ္ပာယ် ကောက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up