မင်းပြားတွင် လက်နက်ကြီးပေါက်ကွဲ၍ လူငယ် ၁ ဦး သေဆုံး
ဝဏ္ဏခွာညို
·
February 14, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်ကွာဝေးတဲ့ ရာမောင်တံတားအနီး ဖားပြို(ရခိုင်ရွာ)မှာ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကျန်လက်နက်ကြီး ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကျေးရွာအနီးရှိ တမိုင်ခန့်ကွာဝေးတဲ့တောင်နားကို ထင်းခုတ်သွားတဲ့ သူငယ်ချင်းနှစ်ယောက် လမ်းမှာပေါက်ကွဲမှုဖြစ်တာကြောင့် တဦးသေဆုံးသွားတယ်လို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောပါတယ်။
“သူတို့ နှစ်ယောက်က ထင်းခုတ်ဖို့သွားကြတယ်။ ထင်းခုတ်လို့ ပြန်အလာမှာဖြစ်တာ။ သူတို့နှစ်ယောက် ခပ်လှမ်းလှမ်းကနေ ရှေ့ဆင့်နောက်ဆင့်သွားနေကြတာဆိုတယ်။ နောက်က အသံကြားလိုက်တဲ့အချိန် လှည့်ကြည့်လိုက်တော့ သူငယ်ချင်းခန္ဓာ ကိုယ်တကိုယ်လုံး မီးလောင်ပြီလို့ ပြောတယ်။ အဲ့ဒီမှာ ငလုံးချေဆိုတဲ့တယောက် သေတယ်။ နောက်တယောက်ကခပ်လှမ်း လှမ်းမှာရှိနေတော့ ဒဏ်ရာရတာမရှိဘူး။”
ဖားပြိုကျေးရွာက ကျေးရွာသားတဦးဖြစ်တဲ့ ကိုကျော်ဆန်းဝင်းက “မပေါက်ကွဲသေးဘဲ ကျန်နေခဲ့တဲ့ စစ်လက်ကျန်လက်နက်ကြီးပေါက်ကွဲတာလို့ပြောတယ်။ အဲ့ဒီမှာ လက်နက်ကြီး မပေါက်ကွဲဘဲကျန်ခဲ့တာ။ အဲဒါကိုသူသွားပြီးကိုင်ရာကနေ ပေါက်ကွဲမှုဖြစ်တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ ငလုံးချေ အသက် ၁၆ နှစ်ဟာ ဖားပြို(ရခိုင်ရွာ)ကဖြစ်ပြီး လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဝမ်းဗိုက်နဲ့ ရင်အုံ၊ မျက်လုံး၊ မျက်နှာ၊ လက်မောင်းတွေမှာ ပြင်းထန်ဒဏ်ရာရှိပြီး ပေါက်ကွဲတဲ့နေရာမှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးတဲ့သူအလောင်းကိုတော့ ဖားပြို(ရခိုင်ရွာ)သုသာန်မှာထားရှိတဲ့အချိန်မှာ ကျေးရွာ အနားမှာ တပ်စွဲထားတဲ့ တပ်မတော်စစ်သားတချို့က သေဆုံးသူရဲ့အလောင်းကို လာရောက်ကြည့်ရှု ခဲ့ပြီး ပြန်သွားခဲ့တယ်လို့ ဖားပြိုကျေးရွာသားတွေကပြောပါတယ်။
မကြာသေးခင်က ရာမောင်းတံတားအနီးဖားပြိုကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။