ရွှေသောင်ယံတွင် တရားမဝင်ဘင်္ဂါလီ ၄၈ ဦးနှင့်ခေါ်ဆောင်လာသူ ရခိုင် ၅ ဦးကို ဖမ်းမိ
DVB
·
February 14, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမှာ ဖေဖော်ဝါရီ ၁၂ ရက်က ဘင်္ဂါလီ ၄၈ ယောက်ကို စက်လှေနဲ့ တရားမဝင် ခေါ်ဆောင်လာတဲ့ ရခိုင်လူမျိုး ၅ ယောက်ကို ဖမ်းမိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ အမျိုးသား ၂၀ နဲ့အမျိုးသမီး ၂၈ ယောက်ကို ရွှေသောင်ယံကမ်းခြေ မကျည်းဇင်ကျေးရွာအုပ်စု၊ သဘော့ကန်ရွာ ပေါက်လှချိုင်ကမ်းခြေမှာ ဖမ်းဆီးရမိခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းက ဘင်္ဂါလီအမျိုးသား၊ အမျိုးသမီးတွေ တင်ဆောင်လာတဲ့ စက်လှေကို တပ်မတော်(ရေ)စစ်ရေယာဉ်က မသင်္ကာလို့ လိုက်လံဖမ်းချိန်မှာ သဘော့ကန်ရွာ၊ ပေါက်လှချိုင်ကမ်းခြေကျောက်ဆောင်တွေ အတွင်းခိုအောင်းနေတုန်း ဖမ်းမိခဲ့တာပါ။
သဘော့ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက "ပုန်းနေတဲ့ စက်လှေကနေ ၅ ဦးက ပြေးလာတာ၊ စက်လှေသမားတွေပါ။ သူတို့က ကမ်းဘက်ကို ရေပုံးတွေဖက်ပြီး ကူးဝင်လာချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ ရွာသားတွေ ဝိုင်းဖမ်းတာ၊ မိတော့ ရွှေသောင်ယံရဲစခန်းကို ခေါ်သွားပါတယ်၊ မိတဲ့ ၅ ယောက်ကတော့ ရခိုင်လူမျိုးတွေပါ" လို့ ပြောပါတယ်။
ပင်လယ်ပြင်အတွင်း စက်လှေပေါ်မှာ ကျန်နေခဲ့တဲ့ ဘင်္ဂါလီတွေကို တပ်မတော် (ရေ) စစ်ရေယာဉ်နဲ့ ခေါ်သွားပြီး ကမ်းပေါ်တက်လာသူ ၅ ယောက်ကိုတော့ ရွှေသောင်ယံနယ်မြေရဲစခန်းမှာ စစ်ဆေးနေပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်မြေထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာ ကုန်လမ်းကရော ရေလမ်းကပါ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မကြာခဏဆိုသလို ဖမ်းမိနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)